လာမည့် ငါးနှစ်အတွင်း ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံး၏ ၂၀ ရာခိုင်နှုန်း သုံးစွဲရန် အစိုးရ သဘောတူ
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြနေသည့် ကျောင်းသားများ၏ တောင်းဆိုချက် ၁၁ ချက်ကို လေးပွင့်ဆိုင် အကြိတ်အနယ် ဆွေးနွေးပြီးနောက် အစိုးရက သဘောတူလိုက်ပြီဖြစ်သော်လည်း လတ်တလောတွင် သပိတ်မှောက်ဆန္ဒပြနေသည့် ကျောင်းသား သပိတ်စစ်ကြောင်းများကို ရပ်နားဦးမည် မဟုတ်ပေ။
ကျောင်းသား၊ အစိုးရ၊ လွှတ်တော်နှင့် ပညာရေးပြုပြုပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ယက် (NNER)မှ ကိုယ်စားလှယ်များ ပါ၀င်သည့် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၁ရက်က ရန်ကုန်တိုင်း လွှတ်တော်ရုံးအတွင်း ဆယ်နာရီကျော်ကြာ ဆွေးနွေးပြီးနောက် ဆန္ဒပြကျောင်းသားများ တောင်းဆိုသည့် ၁၁ချက်ကို အစိုးရက သဘောတူလိုက်ခြင်းဖြစ်သည်။
ယင်းဆွေးနွေးပွဲတွင် ကျောင်းသားများတောင်းဆိုသည့် ၁၁ချက်အနက် 'ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂၀ရာခိုင်နှုန်း သုံးစွဲရန်' ဟူသည့် အချက်ကို အကျေအလည် ဆွေးနွေးခဲ့ပြီးနောက် 'လာမည့် ငါးနှစ်အတွင်း တစ်နိုင်ငံလုံးအသုံးစရိတ်၏ ၂၀ရာခိုင်နှုန်းကို ပညာရေး အသုံးစရိတ်အဖြစ် သုံးစွဲရန်' အစိုးရက သဘောတူခဲ့သည်။
'အဲ့ဒီအချက်ကိုတော့ တော်တော်ဆွေးနွေးခဲ့ရပါတယ်။ နိုင်ငံတကာမှာလည်း ပညာရေးအသုံးစရိတ်ကို ၂၀ရာခိုင်နှုန်း သုံးနေတာဖြစ်တဲ့အတွက် နောက်ဆုံးမှာတော့ သူတို့(အစိုးရ) သဘောတူသွားပါတယ်' ဟု လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် NNER၏ အဖွဲ့ခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့သည့် ဒေါက်တာသိန်းလွင် က ဆွေးနွေးပွဲအပြီး မဇ္စျိမကို ပြောသည်။
ဆွေးနွေးပွဲတွင် သဘောတူညီခဲ့သည့်အချက်များကို အတည်ပြုပြီးဖြစ်သည့် အမျိုးသားပညာရေးဥပဒေကို ပြန် လည် ပြင်ဆင်မည့် ဥပဒေကြမ်းတွင် ထည့်သွင်းရန် လာမည့်ဖေဖော်ဝါရီ ၁၄ရက်(ချစ်သူများနေ့)တွင် ရန်ကုန်မြို့ရှိ အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)တွင် ဆက်လက်ညှိနှိုင်းမည်ဖြစ်သည်။
တောင်းဆိုချက်များကို သဘောတူလိုက်သည့်အတွက် သပိတ်စစ်ကြောင်းအားလုံးကို ရပ်ဆိုင်းပေးရန် တောင်း ဆိုခဲ့သည်။ ကျောင်းသားကိုယ်စားလှယ်များဘက်ကမူ သဘောတူသည့်အချက်များကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထည့်သွင်းပြီး လွှတ်တော်က ပြန်လည်အတည်ပြုရဦးမည်ဖြစ်သည့်အတွက် သပိတ်စစ်ကြောင်းများကို လတ်တလောရပ်ဆိုင်းရန် မဖြစ်နိုင်သေးဟု ဆန္ဒပြုခဲ့သောကြောင့် ယင်းအချက်ကို သဘောတူညီမှု မရခဲ့ပေ။
'အစိုးရဘက်က သဘောတူလိုက်တဲ့ အချက်တွေကို စစ်ကြောင်းအသီးသီးက ကျောင်းသာတွေကို ကျွန်တော်တို့ ပြန်ရှင်းပြပါ့မယ်။ သပိတ်စစ်ကြောင်းတွေ ရပ်၊ မရပ်ကိုတော့ ၁၄ရက်နေ့ကျမှပဲ အတည်ပြုလို့ရပါ မယ်။ လောလောဆယ်တော့ သပိတ်တွေ ရှိနေဦးမှာပါ'ဟု ကျောင်းသား ကိုယ်စားလှယ်အဖြစ် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုဇေယျာလွင်က မဇ္စျိမကို ပြောသည်။
ယနေ့ဆွေးနွေးပွဲတွင် အစိုးရဘက်က သဘောတူလိုက်သည့် အချက်များမှာ 'အခမဲ့ မသင်မနေရ ပညာရေးစနစ် ကို မူလတန်းအဆင့်သာမက အလယ်တန်အဆင့်ထိ တိုးမြှင့်သုံးစွဲရန်' 'ကျောင်းသားအရေးအခင်း များကြောင့် ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားများ ကျောင်းပြန်လည်တက်ရောက်ခွင့်ရရန်၊ 'ပညာရေးအသုံး စရိတ်ကို ငါးနှစ်အတွင်း တစ်နိုင်ငံလုံးအသုံးစရိတ်၏ ၂၀ရာခိုင်နှုန်း သုံးစွဲရန်၊ 'လက်ရှိကျင့်သုံးနေသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့် စနစ်များ ပြင်ဆင်ရန်' 'ဒေသအလိုက် ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းခွင့်ပြုရန်' စသည့် အချက်များ ဖြစ်သည်။