အုပ်ချုပ်ရေးမှူးများအား အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးအာဏာ ပူးတွဲပေးခြင်းကို ဖျက်သိမ်းပေးရန်အဆို ဧရာဝတီတိုင်း လွှတ်တော်တွင်ရှုံးနိမ့်

အုပ်ချုပ်ရေးမှူးများအား အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးအာဏာ ပူးတွဲပေးခြင်းကို ဖျက်သိမ်းပေးရန်အဆို ဧရာဝတီတိုင်း လွှတ်တော်တွင်ရှုံးနိမ့်
by -
မဇ္စျိမ

 ကျေးရွာအုပ်ချုပ်ရေးမှူးများအား အုပ်​ချုပ်​​ရေးအာဏာနှင်​့ တရားစီရင်​အာဏာကို ပူးတွဲတာဝန်​​ပေးထားခြင်​းအား ဖျက်​သိမ်​းပြင်ဆင်​​​ပေး​စေကြောင်း အဆိုအား လပွတ္တာမြို့နယ်​ တိုင်​း​ဒေသကြီး ကိုယ်​စားလှယ် ​ဦး​ဇော်​ဝင်း က ​ဖေ​ဖော်​ဝါရီလ ၁၀ ရက်​​တွင် ဧရာဝတီတိုင်း လွှတ်​​တော်​ ပထမအကြိမ်​ ပုံမှန်​အစည်​းအ​ဝေး ၁၂ ကြိမ်​​မြောက်​ အစည်းအဝေးတွင် တင်သွင်းရာ ရှုံးနိမ့်ခဲ့ရသည်။

ရပ်​ကွက်​နှင်​့​ ကျေးရွာ အုပ်​ချုပ်​​ရေးမှူးများကို​ ဒေသဆိုင်​ရာ အာဏာနှင်​းအပ်​ထားသည့်အပြင်​ လယ်​ယာ​မြေစီမံခန့်ခွဲ​ရေး ဥက္ကဋ္ဌ အဖြစ်​​ မြေယာမှုခင်​းများကို စီရင်​ဆုံးဖြတ်​ရသည့် တရားစီရင်​​ရေး အာဏာကို ထပ်​မံ​ပေးအပ်​ထားခြင်းကြောင့် မလိုလားအပ်သည့် ပြဿနာများဖြစ်​ပေါ်​နေသည်ဟုဆိုကာ ယင်းသို့ ပူးတွဲအာဏာ​ပေးထားခြင်းကို ဖျက်သိမ်းပေးရန် အဆိုရှင်က ပြောကြားခဲ့သည်။

"လူတ​စ်ယောက်​ကို အုပ်​ချုပ်​​ရေး​ရော တရားစီရင်​​ရေး​ရော ပေးထားသလို ဖြစ်​​နေတယ်​၊ တာဝန်​တခုပဲ​ ပေးသင်​့တယ်​၊ သူတို့ သ​ဘောကျဆုံးဖြတ်​ချက်​​တွေ ချ​နေတယ်​" ဟု အဆိုရှင်​ဦး​ဇော်​၀င်​းက ဧရာဝတီတိုင်းအတွင်း လယ်ယာမြေပြဿနာများကို ရည်ညွှန်း၍ မဇ္စျိမသို့ ​ပြောသည်​။

ဧရာဝတီတိုင်းအတွင်း ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲမှု ကိစ္စများတွင် စီမံခန့်ခွဲရေး ကော်မတီအနေဖြင့် ဘက်လိုက် ဆုံးဖြတ်မှုများ ရှိနေသည်ဟု ဝေဖန်မှုများနှင့် ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့သည်။

"ရပ်​​ကျေးအုပ်​ချုပ်​​ရေးမှူး​တွေကို အုပ်​ချုပ်​​ရေးအာဏာ​ ပေးထားပြီးသား၊ လယ်​ယာ​မြေ စီမံခန်​့ခွဲ​ရေးမှာလည်​း အုပ်​ချုပ်​​ရေးမှူး​တွေကို ဥက္ကဋ္ဌထပ်​​ပေးခဲ့တယ်​၊ လယ်​ယာ​မြေအငြင်​းပွားမှု ဆုံးဖြတ်​တယ်​ဆိုတာ တရားစီရင်​​ရေးဖြစ်​​နေတယ်​" ဟု ဦးဇော်ဝင်းက ပြောသည်။

ယင်းအဆိုနှင့် ပတ်သက်၍ ရေကြည်​မြို့နယ်​တိုင်​း​ဒေသကြီးကိုယ်​စားလှယ်​ ​ဒေါက်​တာ လှမြတ်​​သွေးက "လယ်​ယာ​မြေ ပြဿနာ​တွေမှာ တစ်ဖက်​သတ် ဆုံးဖြတ်​ချက်​​တွေချ​နေတယ်​၊ ကျွန်​မတို့ ကိုယ်​စားလှယ်​​တွေ အားလုံး ကြံု​တွေ့​နေရတယ်​၊ ဥပ​ဒေကို ပြည်​​ထောင်​စုက ပြဌာန်​းတာ ဆို​ပေမယ့် ဥပ​ဒေမှာ အားနည်​းချက်​​တွေ အားသာချက်​​တွေရှိ​နေတယ်​။ အခုအဆိုက ကိုယ်​စားလှယ်​​တွေ​ ဆွေး​နွေးသင်​့တယ်​၊ တိုင်​း​ဒေကြီးကိုယ်​စားလှယ်​​တွေ​ အောက​်​​ခြေနဲ့ ထိ​တွေ့​နေရတယ်​၊ အခုအဆိုကို ပြည်ထောင်စုအထိ ဆက်လက်ဆွေးနွေး တင်ပြသင့်တယ်" ဟု မဇ္စျိမကို ပြောသည်။

အဆိုကို မဲခွဲဆုံးဖြတ်ရာ ဖေဖော်ဝါရီ ၁၀ရက်က တိုင်းလွှတ်တော်သို့ တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ် ၅၆ ဦးတွင်၊ ၄ ဦးကသာ ထောက်ခံပြီး ကျန် ၅၂ ဦးက ကန့်ကွက်၍ ရှုံးနိမ့်ခဲ့သည်။