ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးရန် ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်နှင့်အဖွဲ့နေပြည်တော်သို့ ထွက်ခွါ

ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးရန် ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်နှင့်အဖွဲ့နေပြည်တော်သို့ ထွက်ခွါ
by -
သျှမ်းသံတော်ဆင့်

ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၆၈ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်ရန်နှင့် နိုင်ငံရေးစကားဝိုင်းအတွက် ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးရန် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA) ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ဌာနချုပ် လွယ်တိုင်းလျဲန်းဌာနချုပ်မှ ထွက်ခွါခဲ့ကြောင်း သျှမ်းသံတော်ဆင့်မှ သတင်းရရှိပါသည်။

ယခုခရီးစဉ်နှင့်ပတ်သက်၍ ခေါင်းဆောင်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က “ပထမတစ်ချက်က နိုင်ငံတော်သမ္မတ ဖိတ်လို့ ပြည်ထောင်စုနေ့ အခမ်းအနားတက်ဖို့၊ နောက်တခုက နိုင်ငံရေးစကားဝိုင်း ဖြစ်လာဖို့ကိစ္စနဲ့ သျှမ်းပြည် ညီညွတ်ရေးကော်မတီ CSSU အတွက်ပါ” ဟု ပြောသည်။

SYS n UAM

အဆိုပါခရီးစဉ်တွင် ဌာနချုပ်မှ အဖွဲ့ဝင် ၁၇ဦးနှင့် တောင်ကြီးမှ ၂ဦးတို့ စုစုပေါင်း ၁၉ ဦးပါဝင်မည်ဟု ဆိုသည်။

၎င်းတို့သည် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်း၌ တာချီလိတ်မြို့မှနေပြည်တော်သို့ လေယာဉ်ဖြင့် ထွက်ခွါသွားသည်ဟု သိရသည်။

နိုင်ငံရေးသုံးသပ်သူများက RCSS/SSA နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့သည် အပစ်ရပ် ငြိမ်းချမ်းရေး တည်ဆောက်သည့်နောက်ပိုင်း နေပြည်တော်အစိုးရနှင့် အထူးရင်းနှီးလာနေသည့် တပ်ဖွဲ့များဖြစ်သည်ဟု သုံးသပ် ပြောဆိုနေကြသည်။

သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ မိုင်းလားတပ်မတော် အပါအဝင် UNFCအဖွဲ့ဝင် လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်ပိုင်း အချို့လည်း ဦးသိန်းစိန်အစိုးရ ဖိတ်ကြားသည့် ပြည်ထောင်စုနေ့အခမ်းအနားတက်ရောက်ကြမည်ဟု သိရသော်လည်း ငြိမ်းချမ်းရေးလက်မှတ်ထိုးမည် မထိုးမည်ကိုမူ ဆုံးဖြတ်ချက်မချသေးဟု သိရသည်။

Most read this week