အပစ်ရပ်စာချုပ် UNFC ဆုံးဖြတ်ချက်အတိုင်း လက်မှတ်ထိုးမည်ဟု ကေအဲန်ပီပီပြော

အပစ်ရပ်စာချုပ် UNFC ဆုံးဖြတ်ချက်အတိုင်း လက်မှတ်ထိုးမည်ဟု ကေအဲန်ပီပီပြော
by -
ကန္တာရဝတီတိုင်းမ်

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA)ကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ) အနေဖြင့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ ဆုံးဖြတ်ချက်နှင့် တိုင်းရင်းသားများအတွက် အာမခံချက်ရှိမှသာလျှင် လက်မှတ်ရေးထိုးသွားမည်ဟု ကေအဲန်ပီပီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခူးဒယ်နီယာက ဖေဖော်ဝါရီလ ရ ရက်နေ့တွင် ပြောသည်။

“အဓိကတော့ UNFC ဆုံးဖြတ်ချက်ပါပဲ။ နောက်ပြီးတော့မှ ဒီဆွေးနွေးချက်တွေ လက်မှတ်ထိုးမည့်ထဲမှာ တိုင်းရင်းသားတွေကို ကာကွယ်ဖြစ်နိုင်မည့် အချက်အလက်တွေက မပြည့်စုံသေးဘူး။ အဲဒီတော့မဖြစ်သေးဘူး” ဟု ဦးဒယ်နီယာက ပြောသည်။

အပစ်အခတ်ရပ်စဲရေး စာချုပ်ထဲတွင် တိုင်းရင်းသား ပြည်သူများအပေါ် ကာကွယ်ပေးနိုင်သည့် အာမခံချက်များ ပါရှိခြင်းမရှိသည့်အတွက် ပြည်ထောင်စုနေ့ ၁၂ရက်နေ့တွင် လက်မှတ်ရေးထိုးရန် မပြုလုပ်နိုင်ခြင်းဖြစ်ကြောင်း ဆိုပါသည်။

လက်ရှိနိုင်ငံရေး အခြေအနေတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် အဓိက အစိုးရအပေါ်တွင် မူတည်နေကြောင်းနှင့် ငြိမ်းချမ်းရေးသည် ပျက်ပြယ်သွားနိုင်ရန် ကိစ္စများရှိမလာနိုင်တော့ကြောင်း ကယားပြည်နယ် ငြိမ်းချမ်းရေးဖြစ်စဉ် ပူးတွဲလေ့လာစောင့်ကြည့်ရေး ကော်မတီမှ အဖွဲ့ဝင် ဦးစဲရယ် လှဖေက သုံးသပ်ပြောဆိုသွားသည်။

ဦးစဲရယ် လှဖေက “သမ္မတအဖွဲ့ပေါ့ အားလုံးခေါ်ပြီး စုစုစည်းစည်း လုပ်ရင်တော့ အောင်မြင်သွားမှာပေါ့ ။ ဒီကနေ့ ဒီချိန်ထိတော့ ငြိမ်းချမ်းရေးကတော့ ပျက်ပြားဖို့ မရှိတော့ဘူးလို့ သုံးသပ်မိပါတယ်။ ရှေ့ဆက်ငြိမ်းချမ်းဖို့ပဲ ရှိတော့မယ်လို့ သုံးသပ်မိပါတယ်”ဟု ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ပြည်သူတရပ်လုံးက ဆန္ဒရှိနေကြသကဲ့သို့ ကေအဲန်ပီပီ ပါတီအနေဖြင့်လည်း ငြိမ်းချမ်းရေးကို ဖြစ်စေလိုကြောင်း သို့သော် စာချုပ်ထဲပါရှိသည့် အချက်များအားလုံးသည် လူထုများသိရှိရန် လိုအပ်ကြောင်း၊ ပြည်သူများ အသက်အာမခံချက် အခွင့်အရေးရှိမှသာလျှင် လက်မှတ်ထိုးမည်ဖြစ်ကြောင်း ခူးဒယ်နီယာက ပြောသွားသည်။

ပြည်ထောင်စုနေ့ နောက်ပိုင်း အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် လက်မှတ်ရေးထိုင်းနိုင်ရန် ဆွေးနွေးပွဲများကို ထပ်မံပြုလုပ်သွားမည်ဟု သိရသည်။