ငါးဖမ်းကွက်နှင့် ငါးဖမ်းရာသီ စဉ်ဆက်မပြတ် သတ်မှတ်ရန်အဆို လွှတ်တော်က အတည်ပြု

ငါးဖမ်းကွက်နှင့် ငါးဖမ်းရာသီ စဉ်ဆက်မပြတ် သတ်မှတ်ရန်အဆို လွှတ်တော်က အတည်ပြု
by -
မဇ္စျိမ

ယခင်မွေးမြူရေးနှင့်ရေ လုပ်ငန်းဝန်ကြီးဌာနက ၂ဝ၁ဝပြည့်နှစ်မတိုင်မီ ထုတ်ပြန်ခဲ့သည့် ပင်လယ်ကမ်းဝေး ငါးဖမ်းယာဉ်များအတွက် ငါးဖမ်းရာသီ၊ ငါးမဖမ်းရရာသီနှင့် ငါးဖမ်းလုပ်ကွက် ကန့်သတ်ချက်များအတိုင်းစဉ် ဆက်မပြတ်သတ်မှတ်ပေးရေး အဆိုကိုသက်ဆိုင်ရာဝန်ကြီးဌာနက မှတ်တမ်းတင်ထားရန်သာ ပြောသော်လည်း အဆိုရှင်၏ဆန္ဒအရ လွှတ်တော်၌ မဲခွဲရာ ထောက်ခံမဲများဖြင့် အတည်ပြုနိုင်ခဲ့သည်။

''၂ဝ၁၁ မှစ၍ မြန်မာ့ရေပိုင်နက်အတွင်း ကမ်းနီးကမ်းဝေး ငါးဖမ်းယာဉ်များအနက် ကမ်းဝေးငါးဖမ်းယာဉ်များကို ရခိုင်၊ ဧရာဝတီ၊ မွန်၊ တနင်္သာရီ ငါးဖမ်းကွက် လေးကွက်အနက် တနင်္သာရီငါးဖမ်းကွက်ကလွဲပြီး ကျန်သုံးကွက်မှာ ဇွန်၊ ဇူလိုင် သြဂုတ်လများတွင် ငါးဖမ်းဆီးခွင့်ပြု၍ တနင်္သာရီငါးဖမ်းကွက်တွင် ငါးဖမ်းခွင့်မပြုခဲ့ပါ၊ တနင်္သာရီငါးဖမ်းကွက်မှ ကမ်းဝေးငါးဖမ်းလှေများကို တခြားငါးဖမ်းကွက်များသို့ သွားရောက် ဖမ်းဆီးခွင့်ပေးခဲ့ပါတယ်''ဟု ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်နေသူ တနင်္သာရီတိုင်း ဒေသကြီးမှ သရက်ချောင်းမြို့နယ်အမတ် ဦးကင်းစိန်က အဆိုတင်သွင်းရာတွင် ရှင်းပြခဲ့သည်။

Naypyitaw-Parliament

ယခင်က ပုံသေသတ်မှတ်ထားသည့် ငါးဖမ်းရာသီ၊ မဖမ်းရရာသီနှင့် ငါးဖမ်းကွက် လေးကွက်တို့ကို ယခုမွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနလက်ထက်၌ အမိန့်ညွှန်ကြားချက် အပြောင်းအလဲများစွာတို့ကို မကြာခဏပြုလုပ်နေခြင်းမှာ ရေသယံဇာတများ မြန်မာ့ပင်လယ်ပြင်ရဲ့ အမွေအနှစ်များဟာ တဖြည်းဖြည်း စိုးရိမ်ဖွယ်ရာ ဆုတ်ယုတ်ပျက်စီးလာပြီး ပြည်တွင်းထုတ်လုပ်မှု ပြည်ပထုတ် လုပ်မှုပမာဏ လျော့နည်းကျဆင်းလာစေသဖြင့် ထိုအဆိုကို တင်သွင်းရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီဝင်လည်းဖြစ်သည့် ဦးကင်းစိန်က ပြောသည်။

၁,၃၅၈ မိုင် ရှည်လျားသည့် မြန်မာ့ ကမ်းရိုးတန်းရှိ မြန်မာရေပိုင်နက်အတွင်း ကမ်းဝေးငါးဖမ်းရေယာဉ်များကို ငါးဖမ်းလုပ်ကွက်များတွင် ငါးဖမ်းခွင့်လိုင်စင်များဖြင့် ခွင့်ပြုထားကြောင်း၊ ၂ဝ၁ဝခုနှစ် ရှေ့ပိုင်းတွင် မွေးရေလုပ်ငန်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ ကမ်းဝေးငါးဖမ်းယာဉ်များကို ငါးဖမ်းရာသီအဖြစ် စက်တင်ဘာ ၁ရက်မှ မေ ၃၁ အထိ ကိုးလသတ်မှတ်ပြီး ဇွန်လ ၁ရက်မှ သြဂုတ်လ ၃၁ရက်အထိ သုံးလစလုံးကို ငါးဖမ်းကွက် လေးကွက်စလုံးတွင် ပိတ်ထားခဲ့သည်ဟု ၎င်းက ဆိုသည်။

''၂ဝ၁၂-၁၃ တွင် ငါးဖမ်းရာသီ ဇွန်လ ၁ ရက်မှ ဇူလိုင်လ ၁၅ ရက်အထိ( ယခင်က ငါးမဖမ်းရရာသီအတွင်းမှာ) ကမ်းဝေး ငါးဖမ်းလှေစင်းရေ၏ ရ၅ ရာခိုင်နှုန်းကို ဖမ်းဆီးခွင့်ပြုပြီး ကျန် ၂၅ရာခိုင်နှုန်းကို ပြင်ဆင်စေခဲ့ပါတယ်။ ၂ဝ၁၃-၁၄တွင် ငါးဖမ်းရာသီ ဧပြီ ၁ ရက်မှ မေ ၃၁ ရက် အထိ ကမ်းဝေးငါးဖမ်းလှေစင်းရေများ၏ ၆၅ ရာခိုင်နှုန်းကို ဖမ်းဆီးခွင့်ပြုပြီး ကျန် ၃၅ ရာခိုင်နှုန်းကို ဖမ်းခွင့်မပြုခဲ့ပါ။ ငါးလုပ်ငန်းဦးစီးဌာနက ယခုအတိုင်း ဆက်လက်လုပ်ကိုင်နေပါက ငါးသယံဇာတများ ပျက်စီးနိုင်၊ နိုင်ငံ့ဝင်ငွေလည်း ထိခိုက်နိုင်၊ ရေသဘာဝသယံဇာတများ ပြုန်းတီးလာနိုင်ပါတယ်''ဟုလည်း ၄င်းက ဖြည့်စွက် ရှင်းပြသည်။

ဦးကင်းစိန်၏ အဆိုကို ဘုတ်ပြင်းမြို့နယ်အမတ် ဦးအောင်သင်းလှိုင်က ထောက်ခံရာတွင် ''စည်းကမ်းလိုက်နာမှုမရှိရင် ရှေးကဆိုရိုးစကားလို အရုပ်ရေးပြမှ ငါးမှန်းသိတယ်ဆိုတဲ့ အခြေအနေကို ရောက်သွားနိုင်ပါတယ်''ဟု ငါးမဖမ်းရ ရာသီများတွင် ငါးဖမ်းခွင့်ပြုခြင်း၊ ၂ဝ၁၃ ခုနှစ်မှစပြီး ငါးလုပ်ငန်းဦးစီးဌာနက ငါးဖမ်းလုပ်ကွက်များကို နယ်စည်းမခြား လုပ်ကိုင်ခွင့်ပြုလိုက်ခြင်းဆောင်ရွက်မှုများကို ရည်ညွှန်းခဲ့သည်။

မွေး/ရေ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်အေးက နိုင်ငံတကာက ကျင့်သုံးနေသော ပတ်ဝန်းကျင် ဂေဟစနစ်နှင့် လိုက်လျောညီထွေရှိသည့် ငါးလုပ်ငန်းနှင့် ငါးလုပ်ငန်း စီမံခန့်ခွဲမှုများဖြစ်ပေါ်စေရန် ကျင့်သုံး ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း၊ ငါးမဖမ်းရရာသီအတွင်း ဖမ်းခွင့်ပြုခြင်းမှာလည်း ဒေသတွင်း ငါးစားသုံးမှု လျော့နည်းခြင်း၊ ရေထွက်ပစ္စည်း မထုတ်လုပ်နိုင်သဖြင့် နိုင်ငံခြားဝင်ငွေနှင့် အမျိုးသား အသားတင် ထုတ်လုပ်မှုတန်ဖိုး ကျဆင်းနိုင်ခြင်း၊ ရေလုပ်ငန်းနှင့် ဆက်နွယ်သူ လုပ်သားများ စားဝတ်နေရေး ခက်ခဲနိုင်ခြင်းစသည်တို့ကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ(တနင်္သာရီမှလွဲ၍)မှ ရေလုပ်ငန်းရှင်များက တင်ပြခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း ပြန်လည်ရှင်းပြခဲ့သည်။