နေပြည်တော် ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ ဝဲကြီးကျေးရွာမှ လယ်ယာမြေ သုံးဧကကျော်အပေါ်၌ တပ်မတော်က အမြောက်စခန်း ဆောက်လုပ်ရန်ဟုဆိုကာ မြေပိုင်ရှင်တောင်သူများကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ဖေဖော်ဝါရီ ၉ရက်က နှုတ်မိန့်ဖြင့် ခြံစည်းရိုးလာရောက်ကာရံခြင်းကြောင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်လုံခြံုရေးအတွက် လေဆိပ်၏ အရှေ့မြောက်ထောင့် (ဝဲကြီး ကျေးရွာမှ တောင်သူများပိုင် လယ်ယာမြေများ)ရှိ ကွင်းအမှတ် ၁၇၉ဝ(က)မှ လယ်ယာမြေ ၃ ဒသမ ၆ဝ ဧကပေါ်၌ အမြောက်စခန်း ဆောက်လုပ်ရန် လယ်ဝေးမြို့နယ်၊ အင်ပင်သာ ကျေးရွာအနီးရှိ အမှတ်(၂ဝ၃၁) လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းမှ ဗိုလ်မှူး ဇော်ဝင်းထွန်း ဦးဆောင်ပြီး ခြံစည်းရိုး လာရောက်ခတ်ခြင်းကြောင့် ဒေသခံတောင်သူများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။
''ကျွန်တော့်မှာတော့ အထောက်အထား မပါပါဘူး။ ကျွန်တော်ကို ဒီဟာ ဆောက်ဖို့အတွက် နှုတ်မိန့်ပေး လိုက်တဲ့အတွက် လာရတာပါ။ နှုတ်မိန့်နဲ့ပဲ လာတာပါ။ ကျွန်တော်ကတော့ ဒါဆောက်ပါဆိုလို့ လာတာပါ'' ဟု ဗိုလ်မှူး ဇော်ဝင်းထွန်းက မီဒီယာများကို ပြောသည်။
အမြောက်စခန်းဆောက်လုပ်ရန် ခြံစည်းရိုးလာရောက်ခတ်ခြင်းခံရသော လယ်ယာမြေ ၃ ဧကကျော်ကို လယ်ယာမြေပိုင်ရှင် ငါးဦးက ပိုင်ဆိုင်ခြင်းဖြစ်ပြီး ယင်းနေ့ မွန်းလွဲပိုင်း၌ အမှတ်(၂ဝ၃၁) လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းမှ တပ်ရင်းမှူးရဲနိုင်စိုးနှင့် မြို့နယ်အုပ်ချုပ်ရေးပိုင်းမှတာဝန်ရှိသူများက လာရောက်ညှိနှိုင်းခြင်းနှင့် ခြံစည်းရိုးကာရံခြင်းကို တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
လယ်ယာမြေပိုင်ရှင် တောင်သူများက ကာလပေါက်စျေးဖြစ်သည့် လယ်တစ်ဧကလျှင် ကျပ် သိန်း ရဝ ပေးရန် တောင်းဆိုခဲ့သော်လည်း တပ်ရင်းမှူးက လိုက်လျောခြင်း မရှိဘဲ ၎င်းတို့ ငါးဦးနှင့် ထပ်မံညှိနှိုင်းရန် မြို့ နယ်အုပ်ချုပ်ရေးရုံးသို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း လယ်ယာမြေပိုင်ရှင်တစ်ဦးဖြစ်သူ ကိုစိုးညွန့်သူက ပြောသည်။
''ဒီနေရာမှာတော့ လူတွေ အများကြီးနဲ့ ပြောလို့လည်း အဆင်မပြေဘူးတဲ့။ မြို့နယ် အုပ်ချုပ်ရေးရုံးကို လာခဲ့ပါတဲ့။ တကယ်လို့ ပြေလည်သွားရင်လည်း အခမ်းအနားနဲ့ ပေးမယ်လို့ တပ်ရင်းမှူးက ပြောတယ်။ ပြီးတော့ သူတို့ကလည်း ဒီစီမံကိန်းကို မဖြစ်မနေလုပ်ရမှာတဲ့။ သူတို့က ဆက်လုပ်မှာ။ သူတို့ကို ဘယ်လိုလုပ်လုပ်။ ရိုက်ရင်လည်း ခံမယ်လို့ ပြောပါတယ်''ဟု တပ်ရင်းမှူးက ခေါ်ဆွေးနွေးချိန် တွင် ပြောဆိုခဲ့သည်များကို ၄င်းက ပြန်လည်ပြောကြားခဲ့သည်။
ခြံစည်းရိုးလာရောက်ခတ်ရန် တပ်မတော်သားများနှင့် ဝဲကြီးကျေးရွာမှအလုပ်သမားများကို ငှားရမ်းထားသော်လည်း ဒေသခံတောင်သူများက တားမြစ်ခြင်းကြောင့် ဝဲကြီးကျေးရွာမှ အလုပ်သမားများက ခြံစည်းရိုးဆက်မခတ်တော့ဘဲ ပြန်သွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။
ထို့အပြင် တပ်မတော်မှ ခြံစည်းရိုးကာရံခြင်းကို ဒေသခံတောင်သူများနှင့် မြေပိုင်ရှင်တောင်သူများက တားဆီးသဖြင့် အေလာနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ကျော်ကျော်ဦးက တားဆီးခြင်း မပြုရန်သွားရောက်ပြောဆိုခဲ့ပြီး ၎င်းသည်လည်း တားဆီးပေး၍ မရခဲ့ဟု ဆိုသည်။
ယင်းကဲ့သို့ ခြံစည်းရိုးလာရောက်ကာရံခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ဇန်နဝါရီ ၂၁ရက်က ပထမအကြိမ် ခြံစည်းရိုး လာရောက်ကာရံစဉ်က ခြံစည်းရိုးတိုင်များအား ဖျက်ဆီးခံခဲ့ရခြင်းကြောင့် ဗိုလ်မှူး ဇော်ဝင်းထွန်းက တရားလိုပြုတိုင်ကြားခဲ့ပြီး အေလာနယ်မြေရဲစခန်းမှ (ပ)၅။ ၂ဝ၁၅၊ ပြည်သူပိုင် ၆(၁)အရ အမှုဖွင့် စုံစမ်းလျက်ရှိသည်။