နိုင်ငံရေးတွင် တပ်မတော်ပါဝင်မှု လျှော့ချနိုင်မည့် ရွေးကောက်ပွဲ ကြေညာစာတမ်း တစည ထုတ်ပြန်မည်

နိုင်ငံရေးတွင် တပ်မတော်ပါဝင်မှု လျှော့ချနိုင်မည့် ရွေးကောက်ပွဲ ကြေညာစာတမ်း တစည ထုတ်ပြန်မည်
by -
မဇ္စျိမ

လွှတ်တော်နှင့် မြန်မာနိုင်ငံရေးတွင် တပ်မတော်ပါဝင်မှု လျှော့ချနိုင်မည့် အစီအစဉ်များ ပါဝင်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး(တစည)ပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းကို မတ်လတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ပါတီဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးထွန်းရီက ပြောသည်။

၎င်းက ''လွှတ်တော်နဲ့ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ပါဖို့ တစ်ခါတည်းတော့မဖြစ်နိုင်ပေမယ့် ဥပဒေကို ပြင်တာပြီးရင် နောက်အစိုးရ နှစ်ဆက်လောက်မှာ တစ်ဖြည်းဖြည်း လျှော့ချရမယ်၊ အဲဒီအပြင် တပ်မတော် ကို ပြည်ထောင်စုတပ်မတော်အဖြစ်ပြင်ဖို့လည်း ပါတယ်'' ဟု ဆိုသည်။

Native-Party

တပ်မတော်အရေးသာမက နိုင်ငံစီးပွားရေး၊ နိုင်ငံရေးစသည့် ပြုပြင်ပြောင်းလဲရေးအတွက် ရည်ရွယ်ဆောင်ရွက်မည့် အချက်အလက်များကိုလည်း ကြေညာစာတမ်းတွင် ထည့်သွင်းထားသည်ဟု ၎င်းက ပြောသည်။

တစညပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းကို မတ်လ ဒုတိယအပတ်တွင်ပြုလုပ်မည့် တိုင်းနှင့် ပြည်နယ် ဥက္ကဋ္ဌများ အစည်းအဝေးတွင် တစ်နိုင်ငံလုံးသို့ ထုတ်ပြန်မည် ဖြစ်သည်။

လက်ရှိတပ်မတော်က ပြည်ထောင်စု လွှတ်တော်တွင်း ၆၆၄နေရာနှင့် တိုင်းဒေသကြီး၊ ပြည်နယ် လွှတ် တော်နေရာ ၆၆ဝ တို့၏ ၂၅ ရာခိုင်နှုန်းထိ ရယူထားသည်။ ယင်းကြောင့် ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပြုလုပ်သည့် သတင်းစားရှင်းလင်းပွဲတွင် ''တပ်မတော်ကို နိုင်ငံရေးမှာ မပါဖို့အတွက်ဆိုရင် စီးပွားရေး မလုပ်ခိုင်းရဘူး။ တပ်မတော်အတွက် နိုင်ငံတော်က အပြည့်အဝထောက်ပံ့ပေးရမယ်။ ဒီလိုလုပ်ဖို့ လိုအပ်မယ်'' ဟု ဆိုထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ရွေးကောက်ပွဲ ကြေညာစာတမ်းကို ရေးဆွဲပြီးဖြစ်ကာ အတည်ပြု ထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်နေပြီး ရွေးကောက်ပွဲ ရက်အတိအကျ ကြေညာသည့်အချိန်တွင် ထုတ်ပြန်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်များထံက သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲ ကြေညာစာ တမ်းကို ရေးဆွဲပြီး စီးကာ ယင်းစာတမ်းပါ အချက်များအတိုင်း ပါတီ၏ မဲဆွယ်စည်းရုံးရေးတို့ကို ဆောင်ရွက်နေမည်ဟု ဗဟိုကော်မတီဝင် ဦးတင်ဇော်က ဆိုထားသည်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းကိုလည်း ၂ဝ၁၅ ခုနှစ် မေလ ဗဟိုကော်မတီ အစည်းအဝေးအပြီး အတည်ပြုထုတ်ပြန်မည်ဟု ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာ နောက်ဆုံးပတ်နှင့် နိုဝင်ဘာ ပထမအပတ်အတွင်း ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အတိအလင်း ထုတ်ပြန်ထားသည်။

အာဏာရပါတီ ပြည်ခိုင်ဖြိုး၊ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အပါအဝင် ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်က ပါတီ ရဝထိကို မှတ်ပုံတင် ခွင့်ပြုထားသည်။

ပြည်ထောင်စုအဆင့် လွှတ်တော်များအတွင်း ပြည်ခိုင်ဖြိုးက နေရာ ၄ဝဝ ကျော်၊ တပ်မတော်က ၁၆၆ နေရာနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၄၃ နေရာထိ အများဆုံး ရရှိထားကြသည်။