ကချင်စစ်ပြေး ဒုက္ခသည်များကို ၈၈ မျိုးဆက်များ ကူညီပေး

ကချင်စစ်ပြေး ဒုက္ခသည်များကို ၈၈ မျိုးဆက်များ ကူညီပေး
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် Ginsi ကျေးရွာရှိ ကချင်စစ်ပြေးဒုက္ခသည်များကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းနိုင်ခဲ့သည်ဟု ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောသည်။

ဖေဖော်ဝါရီလ ၆ ရက်က Ginsi (ကံစီး) ကျေးရွာနှင့် အောင်ဘာလေ (သန်းဂေါင်) ကျေးရွာရှိ စစ်ပြေးဒုက္ခသည်များကို ကိုမြအေး ဦးဆောင်သော ကျောင်းသားခေါင်းဆောင်များက အလှူရှင်များ၏ ကူညီထောက်ပံ့သော ဆန်အိတ် ၁၀၀၀ နှင့် အခြားစားနပ်ရိက္ခာများကို ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

Ginsi-bridge-Kachin-Hpakant-jade-mine

မူလ စစ်ပြေးဒုက္ခသည် စာရင်းနှင့် ကွာဟနေပြီး ၄င်းတို့ မရောက်မီ အချို့ဒုက္ခသည်များသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် နီးစပ်ရာသို့ ပြောင်းရွှေ့သွားခြင်းနှင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းမှ စစ်ပြေးဒုက္ခသည်များကိုလည်း ကားနှစ်စီးဖြင့် အောင်ဘာလေကျေးရွာသို့ ပြောင်းရွှေ့မှုများ ရှိသဖြင့် လျော့နည်းနေသည်ဟု ကိုမြအေးက ပြောသည်။

“စစ်ပြေးဒုက္ခသည်တွေ နီးစပ် ပြောင်းရွှေ့သွားကြတော့ နည်းသွားတယ်။ ကျနော်တို့ ကံစီးနှစ်ခြင်းဘုရားကျောင်းမှာ ရ၀၀ လို့ သိတာ။ အခုက ၄၀၀ ကျော်ဘဲ တွေ့တယ်။ လီဆူရွာက ၈၀ ကနေ ၅၀ လောက်ဘဲ ကျန်တယ်။ နောက် တခုက ကက်သလစ်ဘုရားကျောင်းမှာလည်း မရှိတော့ဘူး။ ဒါပေမဲ့ တခုရှိတာက ရွာနှစ်ရွာလုံးက ဒုက္ခသည်လို့ ပြောလို့ ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သွားရေးလာရေး အရမ်းကြပ်တည်းနေတာကိုး” ဟု သူက ပြောသည်။

ဖားကန့်မြို့နယ် ကံစီးကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်၊ ကက်သလစ်အသင်းတော်၊ လီဆူကျေးရွာသား များ နှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများရှိ ဒုက္ခသည်များအတွက်ဆန်အိတ် ၈၀၀ နှင့် ဆီ ၄၀ ပုံးနှင့် အောင်ဘာ လေ(သန်းခေါင်)ကျေးရွာ ဆန်အိတ် ၁၄၀ အိတ်နှင့် ဆီ ၁၀ ဗုံး လှူဒါန်းခဲ့သည်ဟုပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်မှစတင်၍ အစိုးရ စစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် အောင်ဘာလေကျေးရွာသားများ အပါအဝင် ဒုက္ခသည် ၂၀၀၀ ခန့်သည် Ginsi (ကံစီး) ကျေးရွာသို့ ပြောင်းရွှေ့ခိုလှုံနေခဲ့ခြင်း ဖြစ်သည်။

“ဆန်ခါးဂိတ်ဆိုတာရှိတယ်။ အဲဒီဂိတ်ကနေ ထောက်ခံစာပါမှ ထွက်လို့ရတယ်။ အဲဒီအခါကြတော့ စားနပ်ရိက္ခာတွေ သယ်ဖို့ သွားဖို့၊ လာဖို့ လုပ်ကိုင်စားသောက်ဖို့ အများကြီး အခက်အခဲရှိနေတယ်။ ဒီရွာနှစ်ရွာလုံးမှာ ရှိတဲ့လူတွေ အားလုံးက ဒုက္ခသည်လို့ ပြောလို့ ရတယ်” ဟု ပြောသည်။

သူတို့ ဖားကန့်မြို့သို့ မတက်မီ သမ္မတ ဦးသိန်းစိန်ထံ ကြိုတင်ခွင့်ပြုစာတင်ထားသဖြင့် တပ်မ ၆၆ တပ်ရင်းမှူးနှင့် တွေ့ဆုံ၍ ပြောဆိုခဲ့ရာ မည်သည့် အခက်အခဲများ မရှိဘဲ စစ်ပြေးဒုက္ခသည်များကို သွားရောက်လှူဒါန်းနိုင်ခဲ့သည်ဟု ကိုမြအေးက ပြောသည်။

အစိုးရ စစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲ ဖြစ်ပွားစတင်ဖြစ်ပွားလာချိန်တွင် ပိတ်မိနေသော အဆိုပါ အောင်ဘာလေ (သန်းဂေါင်) ရွာသားများအား ဖားကန့်မြို့မှ ဘာသာရေး ခေါင်းဆောင်များ၊ ကချင်ငြိမ်းချမ်ရေးအကျိုးဆောင်အဖွဲ့ (PCG) တို့ သွားရောက် ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အစိုးရ၏ စစ်တပ်က ခွင့်ပြုချက် မရခဲ့သဖြင့် သွားရောက် ခေါ်ယူခွင့် မရခဲ့ပေ။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တိုက်ပွဲအတွင်းရောက်ရှိနေသော စစ်ပြေးဒုက္ခသည်များအား ပြောင်းရွှေ့ခွင့် ပေးရန်နှင့် လူသားချင်းစာနာမှု အကူအညီများ ပေးခွင့်ပြုရန် သက်ဆိုင်ရာ အဖွဲ့အစည်းများကို ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် Ms. Renata Dessallien က ဖေဖော်ဝါရီလ ၅ ရက်က ကြေငြာချက်ထုတ်ပြန်ထားသည်။