သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ နားဟိုင်းလုံဒေသအတွင်း ရွှေတူးဖေါ်နေသည့် စိုင်းစိုင်းစိုက်ပျိုးရေးကုမ္မဏီမှ နားဟိုင်းလုံဒေသခံများနှင့် ရွာသားများခေါင်းဆောင်တို့အား ဖိတ်ခေါ်ကာ တတိယအကြိမ်လျော်ကြေး ကျပ်သိန်းပေါင်း ၁၀၀ကို ဖေဖေါ်ဝါရီ ၆ရက် ထပ်မံပေးလျော်ခဲ့သည်ဟု ရွာသားများခေါင်းဆောင် ဆုစန္ဒီဆုပိုင်ရှင် ဆရာမ နန်းလာ ကပြောသည်။
“အခုနောက်ဆုံး အကြိမ်က စိုင်းစိုင်းစိုက်ပျိုးရေးကုမ္မဏီ ကျပ်သိန်း ၁၂၀လေ ပိုက်ဆံမလောက်သေးဘူးဆိုပြီး ကျပ်သိန်း ၁၀၀ ပေးတယ်။ ဒါပေမယ့် လက်မှတ်တော့ ကျပ်သိန်း ၁၂၀အတွက် ထိုးခိုင်းတယ်။ ကျန် ၂၀က ရွာမှာပဲ သူကိုယ်တိုင် လာပေးမယ်တဲ့” ဟု ၎င်းက ဆိုသည်။
ပထမအကြိမ် လျော်ကြေး ကျပ်သိန်း ၁၅၀၊ ဒုတိယအကြိမ် ကျပ်သိန်း ၁၀၀၊ တတိယအကြိမ်အတွက် ကျပ်သိန်း ၁၂၀ကို ရွာသားများအား ပေးလျော်ရန် ကုမ္မဏီများက သဘောတူထားကြသည်။
ရွှေတူးဖေါ်မှုများ အားလုံးရပ်တန့်ရန်၊ ပျက်စီးသွားသည့် လယ်ယာမြေများအတွက် လျော်ကြေးနှင့်တကွ ပြန်လည်စိုက်ပျိုးနိုင်သည်အထိ လယ်ယာမွမ်းမံပြင်ဆင်မှုများ ပြုလုပ်ပေးရန် သျှမ်းပြည်နယ် ဝန်ကြီးချုပ် စဝ်အောင်မြတ်ကိုယ်တိုင် ဇန်နဝါရီ ၂၉ ရက်က ဒေသအတွင်းရောက်ရှိပြီး ကုမ္မဏီများအား ညွှန်ကြားထားသည်။
“ဝန်ကြီးချုပ် စဝ်အောင်မြတ်လည်း လာတယ်။ လယ်ယာစိုက်ပျိုးရေးဝန်ကြီး၊ သစ်တောနဲ့ သတ္တုဝန်ကြီး အန်ကယ်စိုင်းအိုက်ပေါင်းလည်း လာပြောတယ်။ ရွှေတူးဖေါ်နေတာတွေကို ရပ်တန့်ဖို့။ ဒါပေမယ့် ခုထက်ထိ မရပ်သေးဘူး။ ပြီးခဲ့တဲ့ ၃ ရက်နေ့က ကျမတို့ရွာသားတွေ သွားကြည့်တယ် တူးနေတုန်း” ဟု ဆရာမ နန်းလာ ကပြောသည်။
အမည်မဖေါ်လိုသည့် ကုမ္မဏီပိုင်ရှင် အသိုင်းအဝိုင်းက လျော်ကြေးပေးနိုင်ရေးအတွက် ရွှေဆက်လက် တူးဖေါ်နေခြင်းဖြစ်ကြောင်း၊ ရွှေတူးဖေါ်မှု ရပ်တန့်လိုက်လျှင် လျော်ကြေးအတွက်၊ လယ်ယာပြန်လည် ပြင်ဆင်ရေးစရိတ်အတွက် ငွေရေးကြေးရေးအခက်အခဲ ရင်ဆိုင်နေရကြောင်း ပြောသည်။