၀ိှုက်ကတ်မဲထည့်ခွင့် ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ကန့်ကွက်ဆန္ဒပြမည်

၀ိှုက်ကတ်မဲထည့်ခွင့် ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ကန့်ကွက်ဆန္ဒပြမည်
by -
နိရဥ္စရာ

၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရေး ဥပဒေမူကြမ်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ ယာယီ သက်သေခံလက်မှတ် (၀ိှုက်ကတ်) ကိုင်ဆောင်သူများအား မဲပေးခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ကို ရခိုင်ပြည်နယ် အတိုင်းအတာဖြင့် ဆန္ဒဖေါ်ထုတ် ကန့်ကွက်သွားမည်ဟု ဖေဖေါ်ဝါရီလ ၅ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်ကဲတော်မင်း ဘုန်းကြီးကျောင်းတွင် ပြုလုပ်ပြီး ရခိုင်အမျိုးသမီးကွန်ယက်အဖွဲ့က ဦးဆောင်ခေါ်ယူသည့် အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ယင်းဆန္ဒပြပွဲကို ကျယ်ကျယ်ပြန့်ပြန့်ဖြင့် အဖွဲ့အစည်းပေါင်းစုံ၊ ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်းစုံ ပါ၀င်နိုင်ရန်နှင့် တိုင်းရင်းသားပေါင်းစုံဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒထုတ်ဖေါ် ပြသနိုင်ရန်အတွက် အဖွဲ့အစည်းသီးသီးမှ ပါ၀င်သော ကော်မီတီတရပ်ကို ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

Narinjara 3

ရန်ကုန်မြို့တွင်လည်း တိုင်းရင်းသားပေါင်းစုံပါ၀င်သော ဆန္ဒပြပွဲတစ်ရပ်ကိုလည်း ရ ရက်တိုင်တိုင် ပြုလုပ်ရန် စီစဉ်လျှက် ရှိကြောင်း သိရသည်။

ရခိုင်ပြည်၌ပြုလုပ်မည့် ဆန္ဒပြပွဲတွင် လမ်းမပေါ်ထွက် ဆန္ဒပြပွဲအပြင် ၀ိှုက်ကတ်ကိစ္စ ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက် လက်မခံဆိုသည့် စာကိုလည်း ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးရှိ အိမ်တိုင်းတွင် ကပ်မည်ဖြစ်ပြီး သာသနာ့အလံကိုလည်း လွှင့်ထူသွားရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။

ယခင်က ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ဆုံးဖြတ်ချက်တွင် ၀ိှုက်ကတ်ကိုင်ဆောင်သူများ ဆန္ဒမဲပေးပိုင်ခွင့်မရှိ၊ အရွေးချယ် ခံပိုင်ခွင့်မရှိဟု ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်က မှတ်ချက် ပေးပြောကြားပြီးနောက်ပိုင်း ၀ိှုက်ကတ်ကိုင်ဆောင်သူများအား ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်သည့် ဥပဒေမူကြမ်း ပြင်ဆင်သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ မဲပေးခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းသည် ပြည်ခိုင်ဖြိုးပါတီ၏ နိုင်ငံရေး ကစားကွက်တခုဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရေးအတွက် ပြင်ဆင်သည့် လုပ်ရပ်တစ်ခုအဖြစ် အစည်းအဝေးတက်ရောက်သူများက သုံးသပ်ပြောဆိုခဲ့ကြသည်။

“ယခုလို ၂၀၀၈ ဖွဲ့စည်းပုံမူကြမ်းပြင်ဆင်ရေးအတွက် ၀ိှုက်ကတ်ကိုင်ဆောင်သူတွေကို ဆန္ဒမဲပေးခွင့် ပေးလိုက်ရင် နောက် လာမည့် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ၀ိှုက်ကတ်ကိုင်ဆိုင်သူတွေဟာ မဲပေးခွင့်ရသွားနိုင်မယ်။ ဒီကိစ္စဟာ ရခိုင်တွေကို သွေးတိုးစမ်းတဲ့ ကိစ္စပဲ။ ရခိုင်ပြည်သူတွေအတွက် သေရေးရှင်ရေးကိစ္စပဲ ကျွန်တော်တို့ ရခိုင်တွေရဲ့ဆန္ဒကို ထုတ်ဖေါ်သွားရမည်။ လိုအပ်လာရင် အသက်ပေး တိုက်ပွဲဝင်သွားရမယ်”ဟု အစည်းအဝေးတက်ရောက်သူ တစ်ဦးက ပြောသည်။

ယခင်က ဖဆပလမှ တရားမဝင် ၀င်ရောက်သူဘင်္ဂလီများကို အမျိုးသားစိစစ်ရေးကဒ်ထုတ်ပေးပြီး မဲပေးခွင့် အရွေးခံပိုင်ခွင့်ပြုခဲ့ရာ ဘင်္ဂလီမူဆလင်အမတ် ၄ယောက်တက်လာသည်။ နောက်တစ်ခါ ၂၀၁၀ခုနှစ်တွင်တစ်ကြိမ် ပြည်ခိုင်ဖြိုးပါတီက ၀ိှုက်ကတ်ထုတ်ပေးပြီး မဲပေးခွင့် အရွေးခံပိုင်ခွင့်ပေးခဲ့ရာ ဘင်္ဂလီမူဆလင်အမတ် ၃ ယောက်တက်လာသည်။ ယခုလည်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် မဲပေးခွင့်ပေးရာမှ ၂၀၁၅ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်နှင့် အရွေးခံပိုင်ခွင့်ပေး၍ ရခိုင်နိုင်ငံရေးကို ကစားလာတော့မည်ဟု ရခိုင်သမိုင်း သုတေသီ မောင်ဗသိန်းကပြောသည်။

“မဲပေးပိုင်ခွင့်၊ အရွေးခံပိုင်ခွင့် နိုင်ငံတစ်ခုရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပိုင်ခွင့်ဟာ နိုင်ငံသားတွေပဲရတဲ့ အခွင့်အရေးဖြစ်တယ်။ နိုင်ငံခြားသားကို ဆန္ဒမဲပေးပိုင်ခွင့်၊ အရွေးခံပိုင်ခွင့် ခွင့်ပြုထားတာ ဘယ်နိုင်ငံမှာမှမရှိဘူး။ ဒီလိုမျိုးလုပ်ရပ်ဟာ မိမိတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖေါက်ရာရောက်တယ်”ဟု ရခိုင်အမျိုးသမီးကွန်ယက်မှ ခေါင်းဆောင်တစ်ဦးက ပြောကြားသည်။

ယင်းအစည်းအဝေးသို့ နန္ဒာရမဆရာတော်နှင့် ဗုဒ္ဓဝိဟာရဆရာတော်တို့က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်တစ်ချို့၊ ရခိုင်သမိုင်းသုတေသီ မောင်ဗသိန်း၊ ဦးစိန်စောလှ၊ ဦးဝေစိန်အောင် အပါအဝင် စစ်တွေအခြေစိုက် လူမှုအဖွဲ့အစည်းများ၊ ရဟန်းသံဃာများနှင့်၊ စိတ်ပါ၀င်စားသူ စုစုပေါင်း ရ၀ ခန့်တက်ရောက်ခဲ့ကြသည်။

၀ိှုက်ကတ်ကိုင်ဆောင်သူများ ဆန္ဒမဲပေးပိုင်ခွင့်နှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၊ ၈၈ မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့၊ ရခိုင်မျိုးဆက်သစ်နိုင်ငံရေးအင်အားစု၊ ရခိုင်အမျိုးသမီး ကွန်ယက်တို့ကလည်း သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

၀ိှုက်ကတ် ဆန့်ကျင်ရေး အစည်းအဝေး ပြုလုပ်နေစဉ် (ဓါတ်ပုံ- နိရဥ္စရာ)

Most read this week