ပုသိမ်မှ ဖေဖော်ဝါရီ ၃ရက်က စတင်ထွက်ခွာခဲ့သည့် ဧရာဝတီသပိတ်စစ်ကြောင်းတစ်လျှောက် လိုက်ပါခဲ့သည့် တက္ကသိုလ်ဝင်တန်းကျောင်းသူ မချောစုစံအား ၎င်း၏ မိခင်က ဖေဖော်ဝါရီ ရရက်ညက မအူပင်သို့ လာခေါ်၍ ၈ရက် နံနက်တွင် ကျောင်းသားသပိတ်ခေါင်းဆောင်များက မိဘထံ ပြန်လည်အပ်နှံပေးလိုက်သည်။
"သူ့ကိုလာခေါ်ရတာ တခြား ဘာအခက်အခဲမှ မရှိပါဘူး။ သပိတ်စခန်းကလည်း နှစ်ရက်နားမယ်ဆိုတာ သိထားတယ်လေ။ နားတဲ့ နှစ်ရက်ထဲကို လာခေါ်တာပါ။ သူ့ဆန္ဒရှိလို့ ပြန်လာချင်လည်း သူ့ဆန္ဒပါပဲ။ သူစိတ်ပါလည်း တခြားဘာကိစ္စမှ မရှိပါဘူး။ သူလုပ်ချင်တဲ့ ဆန္ဒလေးရှိလို့ ခွင့်ပြုခဲ့တာပါ။ ပထမတော့ ပုသိမ်မြို့ထဲအထိပဲ သူတောင်းဆိုခဲ့တယ်။ သူကကလေးပဲ ရှိပါသေးတယ်။ နောက်ထပ် ရည်မှန်းချက်ပန်းတိုင်ရှိပြီး သူရှေ့ဆက်မယ့်အတွက် မိဘအနေနဲ့ ခွင့်ပြုခဲ့တာပါ" ဟု မချောစုစံ၏ မိခင် ဒေါ်သိင်္ဂီက မဇ္စျိမကို ပြောသည်။
ချောစုစံကလည်း "မေကြီးက တအားစိတ်ပူတယ်။ ကျောင်းစာမေးပွဲ နီးလာတဲ့အတွက်။ သမီးဆန္ဒက တစ်နှစ်လုံးလည်း စာကြိုးစားခဲ့တယ်။ မေကြီးကလည်း စာကြိုးစားစေချင်တဲ့ ဆန္ဒရှိတဲ့အတွက် မေကြီးဆန္ဒကိုလည်း မပယ်ရှားစေချင်ဘူး။ ဘာဖိအားမှ မပါပါဘူး။ ပြန်လိုက်တဲ့အတွက်။ သမီးအခုပြန်တာ ခဏပြန်တာပါ။ နှစ်ရက်သုံးရက်ပဲ။ ပြီးရင် ပြန်လာမှာပါ"ဟု ပြောသည်။
၎င်းက ဆက်လက်၍ "ကျောင်းသားတွေ လုပ်တယ်ဆိုတာ အဓိပ္ပာယ်မဲ့ သက်သက်လုပ်တာ မဟုတ်ပါဘူး။ အဓိပ္ပာယ်ရှိပါတယ်။ အဲဒါကြောင့်မို့ သပိတ်မှောက်တိုက်ပွဲမှာ စိတ်ရောကိုယ်ပါ နှစ်ပြီး ပါဝင်ခဲ့တာပါ။ နောက်တိုက်ပွဲတွေမှာလည်း အခုလိုပဲ ပါဝင်မှာပါ"ဟု ပြောသည်။
ပုသိမ် အထက ၁ ကျောင်းသူ မချောစုစံသည် သပိတ်စစ်ကြောင်း မထွက်ခွာမီ ပုသိမ်မြို့တွင်း လှည့်လည်စဉ်ကပင် တက်ကြွစွာ ပါဝင်ခဲ့ပြီး ကျောင်းအုပ်ကြီးက သူမ၏ မိဘအား ခေါ်ယူတွေ့ဆုံခဲ့သေးသည်။ ယင်းအပြင် ဖေဖော်ဝါရီ ၄ရက်ကလည်း တိုင်းဝန်ကြီးချုပ်က မချောစုစံ၏ မိဘများအပါအဝင် သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ကျောင်းသားများ၏ မိဘ ၅ဦးဝန်းကျင်ကို ခေါ်ယူ တွေ့ဆုံခဲ့သည်။
မအူပင်မြို့နယ် ပညာရေးမှူး ဦးစိုးမြင့်က "ကလေးစာမေးပွဲ ဖြေဆိုခွင့်ရအောင် ဆောင်ရွက်ပေးတဲ့အတွက် ဝမ်းသာပါတယ်။ သူ့သဘောထားအလျောက် စိတ်ထက်သန်ခဲ့တဲ့အပေါ်မှာ မိခင်လိုက်ပါခေါ်တဲ့အခါ ဒီဘက်ကလည်း ကလေးရဲ့ ပညာရေးကို နားလည်ပေးခဲ့တယ်။ စာမေးပွဲက အချိန်ကာလ တိုတိုလေးပဲ ရှိပါတော့တယ်။ အဲဒီ့အတွက် စာကျက်ဖို့ လိုပါတယ်။ ပြန်လည် အပ်နှံမယ်ဆိုလို့ ဝမ်းသာအားရနဲ့ လာရောက်လက်ခံတာပါ" ပြောသည်။
ဧရာဝတီသပိတ်စစ်ကြောင်း၌ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား လေးဦးပါဝင်ပြီး အခြားကျောင်းသားများ၏ မိဘများကမူ ဆက်သွယ်လာခြင်း မရှိသေး၍ သပိတ်စစ်ကြောင်းတွင် ဆက်ပါသွားမည်ဟု သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ပုသိမ်နည်းပညာတက္ကသိုလ်မှ ဆရာဦးဝေယံအောင်က ပြောသည်။
"မချောစုစံက ကျွန်တော်တို့ သပိတ်စစ်ကြောင်းအတွက် တကယ်ကို အရေးကြီးပြီး တကယ်ကို အားကိုးရတဲ့ ကလေးပါ။ ချောစုစံကို မြန်မာရော ကမ္ဘာကပါ စောင့်ကြည့်ရတဲ့သူပါ။ ဘယ်လို အကြောင်းမျိုးနဲ့ ဖြစ်ဖြစ်။ သူ့အမေလာခေါ်ပြီး ကျွန်တော်တို့ဘက်ကလည်း ကျောင်းသားအရေးကို ဦးစားပေးပြီး ဖြစ်ပေါ်လာတဲ့ သပိတ်ဖြစ်တဲ့အတွက် သူတို့အရေးကိုလည်း ပြန်ကြည့်ဖို့ လိုပါတယ်။ သူ့ဘဝအတွက် သူ့မိသားစုအတွက် ငဲ့ပြီးတော့ ကျွန်တော်တို့ ကော်မတီဝင်တွေက ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဖြစ်သင့်ဆုံးနဲ့ အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ပါတယ်"ဟု ဦးဝေယံအောင်က ပြောသည်။
မချောစုစံ ယခုကဲ့သို့ သပိတ်စစ်ကြောင်းတွင် တက်ကြွစွာပါဝင် လှုပ်ရှားခဲ့သည့်အပေါ် ပုသိမ် အ.ထ.က (၁)မှ သူမ၏ အတန်းဖော် သူငယ်ချင်းများကလည်း ထောက်ခံအားပေးခဲ့ပြီး အတန်းနံရံများတွင် သူမအား ထောက်ခံကြောင်း စာရွက်များကို ကပ်ထားပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုလည်း အောင်မြင်စွာ ဖြေဆိုရန် တိုက်တွန်းလျက်ရှိသည်ဟု ဆိုသည်။