၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း စစ်ပြေး ဒုက္ခသည်များအတွက် ဆန်နှင့် ဆီများကို သွားရောက်လှူဒါန်းခဲ့ရာ မူလသိရှိထားသော ဒုက္ခသည်များ စာရင်းနှင့် လျော့နည်းနေသည်ဟု ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောသည်။
“ဒီနေ့ ကံစီးတို့ အောင်ဘာလေတို့ ရောက်ပါတယ်။ ဒုက္ခသည်တွေနဲ့ ကျွန်တော်တို့ သိထားတဲ့ စာရင်းနဲ့ ကွာဟမှု ရှိတယ်။ သိထားတာက ကံစီးရွာမှာ နှစ်ခြင်းဘုရားကျောင်းမှာ ရ၀၀ကျော်၊ ကျွန်တော်တို့တွေ့တော့ ၄၀၀ကျော်ကျော်ပဲ တွေ့တယ်။ ဘုန်းကြီးကျောင်းမှာက ၄၀၀ကျော်ရှိတယ်။ အောင်ဘာလေ။ ကံစီးရွာတို့လည်း ဒုက္ခသည်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က လွတ်လွတ်လပ်လပ် သွားလို့ မရသေးဘူး”ဟု သူက မဇ္စျိမကို ပြောသည်။
ဖေဖော်ဝါရီလ ၅ရက်က မြစ်ကြီးနားမြို့မှ ဖားကန့်မြို့သို့ ထွက်ခွာခဲ့ရာ ဖေဖော်ဝါရီလ ၆ ရက်တွင် ဖားကန့်မြို့နယ် ကံစီးကျေးရွာရှိ ကချင်နှစ်ခြင်း ခရစ်ယာန်၊ ကက်သလစ်အသင်းတော်၊ လီဆူကျေးရွာသားများနှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများရှိ ဒုက္ခသည် ၁၀၀၀ကျော်အတွက် ဆန်အိတ် ၈၀၀နှင့် ဆီ ၄၀ ပုံး နှင့် အောင်ဘာလေ(သန်းဂေါင်) ကျေးရွာ ဆန်အိတ် ၁၄၀ အိတ်နှင့် ဆီ ၁၀ ဗုံး လှူဒါန်းခဲ့သည်ဟု ၈၈ ကျောင်းသား ကိုမြအေးက ပြောသည်။
စစ်ပြေး ဒုက္ခသည် ၂၀၀၀ကျော်ရှိသည်ဟု သိရှိထားသော်လည်း လက်ရှိတွင် ဒုက္ခသည်အချို့သည် လုံးခင်း၊ ဖားကန့်နှင့် နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်သွားသည်ဟု သိရသည်။
ကိုမြအေး၊ ကိုပြံုးချို၊ ကိုအောင်လတ်၊ ကိုဉာဏ်လင်း၊ ကိုဂျင်မီ၊ ကိုမင်းကိုနိုင်၊ စမ်းချောင်း ကိုကိုကြီး၊ ကိုကိုလှိုင်စသည့် ကျောင်းသား ခေါငး်ဆောင်များသည် အလှူရှင်များ၏ ကူညီထောက်ပံ့သော ဆန်အိတ် ၁၀၀၀နှင့် အခြား အခြားစားနပ်ရိက္ခာများကို ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလလယ်မှစတင်၍ အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် အောင်ဘာလေကျေးရွာ အပါအဝင် ပတ်ဝန်းကျင်ရှိ ကျေးရွာသား ၂၀၀၀ခန့်သည် ကံစီးကျေးရွာတွင် ပြောင်းရွှေ့ခိုလှုံနေခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ပိတ်မိနေသော အောင်ဘာလေ(သန်းဂေါင်)ရွာသားများအား ဖားကန့်မြို့မှ ဘာသာရေး ခေါင်းဆောင်များ၊ ကချင်ငြိမ်းချမ်ရေးအကျိုးဆောင်အဖွဲ့(PCG)တို့ သွားရောက် ခေါ်ယူရန်အတွက် အစိုးရ၏ စစ်တပ်က ခွင့်မပြုသဖြင့် ခေါ်ယူနိုင်ခြင်း မရှိခဲ့ပေ။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တိုက်ပွဲအတွင်း ရောက်ရှိနေသော စစ်ပြေးဒုက္ခသည်များအား ပြောင်းရွှေ့ ခွင့်ပေးရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးခွင့်ပြုရန် သက်ဆိုင်ရာ အဖွဲ့အစည်းများကို ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် Ms. Renata Dessallien က ဖေဖော်ဝါရီလ ၅ရက်က ကြေငြာချက်ထုတ်၍ ပန်ကြားလိုက်သည်။
တိုက်ပွဲကြောင့် ဒုက္ခရောက်နေသော အောင်ဘာလေကျေးရွာ အပါအဝင် ပတ်ဝန်းကျင်ရှိ ကျေးရွာများ မှ ဒေသခံများသည် ကံစီးကျေးရွာသို့ ပြောင်းရွှေ့နေရသော ကျေးရွာသား ၁၀၀၀ကျော်အပြင် တိုက်ပွဲဒဏ်ခံနေရသည့် အခြား အရပ်သား ၁၀၀၀ကျော်သည်လည်း ပါဝင်နေသည်ဟု ဆိုထားသည်။
ထို့ပြင် အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့အား တိုက်ပွဲအတွင်းရှိ ဒေသခံ အရပ်သားများကို အကာအကွယ်ပေးရန်နှင့် ၎င်းတို့အား လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် သတိပေးထားသည်။