ရန်ကုန်(မဇ္စျိမ)။ ။ကျောင်းသား သပိတ်စစ်ကြောင်းများ ရှိနေခြင်း၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် အချိန်နီး ကပ်နေခြင်းတို့ကြောင့် ယာယီ သက်သေခံ လက်မှတ်(White Card)ကိုင်ဆောင်သူများအား မဲပေးခွင့်ပြုမှုအပေါ် ဆန္ဒထုတ်ဖော်မှုမပြုကြရန် အစိုးရက တားမြစ်ခဲ့သည်ဟု ကန့်ကွက်ဆန္ဒပြမည့်ဦးဆောင် သူများက ပြောသည်။
ဆန္ဒမပြကြရန် အစိုးရဘက်မှ သာသနာရေး ဝန်ကြီး ဦးစိုးဝင်း၊ နိုင်ငံတော် သမ္မတရုံး ဒု-ဝန်ကြီး ဦးကျော်ကျော်ဝင်း၊ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနညွှန်ကြားရေး မှူးချုပ် ဦးမောင်မောင်သန်းတို့ ဦးဆောင်ပြီး ဖေဖော်ဝါရီ ၅ရက်က ရန်ကုန်မြို့ အင်းစိန်ရွာ မကျောင်း တိုက်တွင် ဆန္ဒ ထုတ်ဖော်မည့်သံဃာများနှင့် လူပုဂ္ဂိုလ် တို့ထံ လာရောက်ပြောဆို ခဲ့ခြင်းဖြစ်သည်။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင် ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းတွင် White Card ကိုင်ဆောင် သူများကို မဲပေးခွင့်ပြုရန် သမ္မတ၏ သဘောထားအတိုင်း ပြည်ထောင်စု လွှတ်တော်က အတည်ပြုမှု ကို ကန့်ကွက် ဆန္ဒပြရန် သံဃာများနှင့် လူပုဂ္ဂိုလ် အချို့ ဦးဆောင်ဖွဲ့စည်းထားသည့် ယာယီသက်သေ ခံလက်မှတ် မဲပေးခွင့်ပယ် ဖျက်ရေးကော်မတီ(WCC)က စီစဉ်ထားခြင်းဖြစ်သည်။
ဦးဆောင်ဆန္ဒပြမည့် မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက ''သူတို့(အစိုးရ)ဘက်ကတော့ ဆန္ဒမပြဖို့ ပြောတယ်။ သာသနာရေးဝန်ကြီးကလည်း ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း White Card ကိုင်ထားတဲ့ သူတွေကို မဲပေး ခွင့်ရှိတဲ့ သဘောမျိုးထောက်ပြသွားတာ ရှိတယ်''ဟု မိန့်သည်။
ထို့နောက် ဆန္ဒမပြရန် လာရောက်တားမြစ်သည့် အစိုးရအဖွဲ့နှင့် ဦးဆောင်ဆန္ဒပြမည့် သံဃာတော်များနှင့်အချေအ တင်ဆွေးနွေးခဲ့ကြပြီး ဖေဖော်ဝါရီလ ၁ဝရက်ထိ White Card ကိုင်ဆောင်သူများအား မဲပေးခွင့်ပြုမှုကို ပယ်ဖျက်ခြင်း မရှိပါက ရန်ကုန်တိုင်း အစိုးရရုံးရှေ့တွင် တစ်ပတ်ကြာ ဆန္ဒပြသွားမည်ဟု သံဃာတော်များက ဆုံးဖြတ်ခဲ့သည်။
အစိုးရဘက်ကလည်း သမ္မတထံ ပြန်လည်တင်ပြပြီး ၁ဝရက်နေ့တွင် တစ်စုံတစ်ရာ အကြောင်းပြန်သွားမည်ဟု ကတိပြု ခဲ့ကြောင်း ဦးဆောင် ဆန္ဒထုတ်ဖော်မည့် ဆရာတော်တစ်ပါးဖြစ်သော မောင်းတီး ဆရာတော်က မိန့်သည်။
မောင်းတီး ဆရာတော်က ''ခင်ဗျားတို့ဘက်က တိကျသေချာတဲ့ အဖြေမျိုးပေးမယ်ဆိုရင် ကျုပ်တို့ဘက်က ဆက်ပြီးတော့ ဆန္ဒမပြဘူး ဆိုပြီးတော့ ၁ဝရက်နေ့ အထိစောင့်ဆိုင်းပါမယ်လို့ ရွှေ့ဆိုင်းလိုက်ပါတယ်။ ၁ဝရက်နေ့မှာ သူတို့ဘက်က ဝှိုက်ကတ်နဲ့ ပတ်သက်လို့ တိကျသေချာရေရာတဲ့ အဖြေမျိုး မပေးနိုင်ခဲ့ဘူးဆိုရင်တော့ ဦးပ ဉ္ဇင်းတို့ WCC ကော်မတီအနေနဲ့ ရှေ့ဆက်ပြီးတော့ သွားကြမှာပဲ''ဟု မိန့်ကြားသည်။
WCC ကော်မတီသည် White Card ကိုင်ဆောင်သူများအား မဲပေးခွင့်ပြုမှုကို ကန့်ကွက်သည့် သဘောထားကြေညာချက် တစ်စောင်ကိုလည်း ဖေဖော်ဝါရီ ၆ရက်က ထုတ်ပြန်ခဲ့သေးသည်။
အဆိုပါ ထုတ်ပြန် ချက်တွင် White Cardကိုင်ဆောင်သူများကို ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စတွင် သာမက နောင်လာမည့် မည်သည့်ရွေးကောက်ပွဲတွင်မဆို ဆန္ဒမဲပေးခွင့်မပြုရန် ဆောင်ရွက်သွားမည်ဟုဆိုကာ ပယ်ဖျက်ပေးခြင်းမရှိပါက နိုင်ငံတဝန်း ကန့်ကွက်လှုပ်ရှားမှုများ လုပ်ဆောင်သွားမည်ဟု ဆိုသည်။
WCC၏ ဦးစီးကော်မတီဝင် ဦးချစ်ကိုကိုကလည်း ''သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့အတိုင်း ဝှိုက်ကတ်ကိုင်ဆောင်တ သူတွေကို မဲပေးခွင့်ပြုတယ်ဆိုလို့ရှိရင် ကျွန်တော်တို့ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့အတိုင်း ဆန္ဒဖော်ထုတ်ခွင့်ရှိပါတယ်။ ကျွန်တော်တို့ ဥပဒေအတိုင်းလုပ်တာပါ'' ဟု ပြောသည်။