တက္ကသိုလ် အချို့တွင် လုံခြံုရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဖွဲ့

တက္ကသိုလ် အချို့တွင် လုံခြံုရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဖွဲ့
by -
မဇ္စျိမ

ကျောင်းသား သပိတ်စစ်ကြောင်းတွင် ပါဝင်ခြင်း မပြုရန် ပဲခူးတွင် ဟောပြော

ရန်ကုန် (မဇ္ဈိမ)။ ။ ကျောင်းသားသပိတ်များ နယ်အချို့မှ ရန်ကုန်သို့ ချီတက်လာသည့် အချိန်တွင်ပင် ရန်ကုန်ရှိ တက္ကသိုလ်အချို့တွင်  လုံခြံုရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီကို ဖေဖေါ်ဝါရီ ၆ ရက်မှ စတင်ဖွဲ့စည်းလိုက်သည်ဟု ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူက မဇ္ဈိမကို ပြောသည်။

၎င်းက "ဒီနေ့ပဲဖွဲ့လိုက်တာ အထက်က ညွှန့်ကြားလို့။ တက္ကသိုလ်တွေ အနေနဲ့ ပုံမှန် လုံခြံုရေးကို ဂရုစိုက်ဖို့ပါ။ ဆရာ၊ဆရာမတွေ အနေနဲ့  ဝန်ထမ်းတွေကို တာဝန်ပေးထားတာပါပဲ ဒါထူးထူးခြားခြားမှ မဟုတ်တာ" ဟု ဆိုသည်။

ဒဂုံတက္ကသိုလ်မှ လက်ထောက် ကထိက ဒေါက်တာ အာကာမိုးသူကလည်း ဖေဖော်ဝါရီ ၆ရက်တွင် စတင် ဖွဲ့စည်းလိုက်သည်ဟု အတည်ပြုပြီး ‘ကျောင်းမှာဆရာ ဆရာမတွေတော့ လုံခြံုရေးချတာ မဖြစ်သင့်ဘူး။ ကျောင်းဆရာတွေက လုံခြံုရေးချထားတယ် ဆိုတော့ စာမသင်ရဘူးလား။ ဆရာ အလုပ်နဲ့ ဘာဆိုင်လို့လဲ လုံခြံုရေးချချင်ရင်လည်း နယ်မြေ အင်းအားတွေကို ချပေါ့ ဒီလိုလုပ်တာ မကောင်းဘူးလို့မြင်တယ်" ဟု မဇ္ဈိမကို ပြောသည်။

ယင်းကဲ့သို့ ဖွဲ့စည်းခြင်းသည် တက္ကသိုလ်ကျောင်းများတွင် လုံခြံုရေး အကြောင်းပြ၍ ကျောင်းသားများကို သွေးခွဲရာရောက်နေသည်ဟု ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ယက်(NNER)မှ မသူသူမာက မဇ္ဈိမကို ပြောသည်။

၎င်းက "လုံခြံုရေး အကြောင်းပြချက်က ကောင်းစေချင်လို့လုပ်တာလား။ ဆိုးစေချင်လို့လုပ်တာလား။ ဘယ်လိုအကျိုးသက်ရောက်နိုင်မှာလဲ ဆိုတာကို မေးစေချင်တယ်။ ကျောင်းသားတွေကို သွေးခွဲအောင် လုပ်နေတာလား" ဟု ဆိုသည်။

ယင်းအပြင် ဒီမိုကရေစီကျောင်းသားသပိတ် စစ်ကြောင်းတွင် ပါဝင်ခြင်းမပြုကြရန် ပဲခူးတိုင်း အစိုးရအဖွဲ့က ပြည်မြို့ပေါ်ရှိ တက္ကသိုလ်နှင့် အခြေခံပညာစာသင်ကျောင်းများရှိ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံကာ ဖေဖော်ဝါရီ ၅ရက်နှင် ၆ရက်များ၌ လိုက်လံဟောပြောနေသည်။

လိုက်လံဟောပြောရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်း၊ လူမှုရေးဝန်ကြီး ဒေါက်တာကျော်ဦးနှင့် တိုင်းဒေသကြီးအစိုးရမှ တာဝန်ရှိသူများက ဟောပြောခဲ့သည်။

ပဲခူးတိုင်းဒေသကြီး နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်းက "အခုဖြစ်နေတဲ့ ကျောင်းသာတွေကိစ္စမှာ ဆရာဆရာမများ မပါဝင်ကြပါနဲ့၊ဘာကြောင့်လဲဆိုတော့ မကွေးမှာဆရာ၊ ဆရာမထဲကတစ်ဦး ပါသွားတယ်၊ ပြီးတော့ ဆရာ၊ ဆရာမတွေအနေနဲ့ကျောင်းသား၊ကျောင်းသူတွေကို မပါဝင်အောင်ထိန်းပေးကြပါ̓”ဟု ပြောသည်။