အစိုးရနှင့် တအာင်းတိုက်ပွဲကြောင့် ဒေသခံ ၃ ဦးသေ၊ ၈ ဦးဒဏ်ရာရဟုဆို

အစိုးရနှင့် တအာင်းတိုက်ပွဲကြောင့် ဒေသခံ ၃ ဦးသေ၊ ၈ ဦးဒဏ်ရာရဟုဆို
by -
မဇ္စျိမ

အစိုးရ စစ်တပ်နှင့် တအာင်းတပ်မတော် (TNLA) အကြား တိုက်ပွဲကြောင့် ဒေသခံ ၃ဦးသေဆုံးကာ ၈ဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLA နှင့် တအာင်း ကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU) တို့က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ရက်နှင့် ၃ရက်တွင် မန္တလေးတိုင်း မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်အကြား တအာင်းတပ်မတော်(TNLA)နှင့် အစိုးရစစ်တပ်တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ရွှေညောင်ပင်ကျေးရွာ၏ အတွင်းရေးမှူး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ၈ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 “ဒီနေ့ တိုက်ပွဲတော့ မဖြစ်ဘူး။ သို့သော် စစ်တပ်က သူတို့ ရွာထဲမှာ အကုန်လုံး ဝင်နေတဲ့အခါကြတော့ ရွာသားတွေ မပြန်ရဲသေးဘူး။ ဆိုင်းလိန်နဲ့ ရွှေညောင်ပင်က အခုစစ်ဆေးခံရတဲ့လူတွေက အစိုးရ စစ်တပ်က ပေးမထွက်ဘူး။ ရွာထဲမှာဘဲ နေနေရတယ်။ တချို့ ကျန်ခဲ့တယ်။ အဲ့ဒီမှာ ဒဏ်ရာရတဲ့လူတွေလည်း ရှိနေတယ်။ ကျွန်တော်တို့လည်း အဲ့ဒီကို သွားလို့ မရဖြစ်နေတယ်” ဟု TSYU ၏ တွဲဘက်ထွေထွေ အတွင်းရေးမှူး(၁) မိုင်းမျိုးအောင်က ပြောသည်။

ဒဏ်ရာရသူအချို့မှာ မန္တလေးဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေပြီး တချို့မှာ မိုးမိတ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု သူက မဇ္ဈိမကို ပြောသည်။

ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသော ကျေးရွာပေါင်း ရှစ်ရွာခန့်တွင် ထွက်ပြေးတိမ်းရှောင်နေသော စစ်ပြေးဒုက္ခသည် ၂၀၀၀ကျော်ရှိပြီး ၎င်းတို့ကို မိုးကုတ်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည်။ ဖေဖော်ဝါရီလ ၅ ရက်နှင့် ၆ ရက်များတွင် အဆိုပါ ဒုက္ခသည်များအတွက် မိုးကုတ်မြို့ပေါ်ရှိ လူမှုအဖွဲ့အစည်းများ ကူညီထောက်ပံ့မှုများ ရရှိနေသည်ဟု မိုင်းမျိုးအောင်က ပြောသည်။

မိုးကုတ်မြို့ရှိ ဘုန်းကြီးကျောင်း ၄ကျောင်းတွင် ခိုလှုံနေသော စစ်ပြေးဒုက္ခသည်များ ၁၀၀၀ကျော် ရှိနေပြီး မိုးကုတ်မြို့အနီး ဆင်ခွာကျေးရွာတွင်လည်း စစ်ပြေးဒုက္ခသည် ၅၀၀ကျော် ခိုလှုံနေသည်ဟု သူက ဆိုသည်။

ဖေဖော်ဝါရီလ ၄ရက်နှင့် ၅ရက်များတွင် ဆိုင်းလိန်ကျေးရွာသား သုံးဦးအား TNLAတပ်သားဟု စွပ်စွဲကာ ရိုက်နှက်စစ်ဆေးခြင်း ပြုလုပ်၍ ဖမ်းဆီးခဲ့ရာ ဖေဖေါ်ဝါရီလ ၆ ရက်နေ့ထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်း TNLA က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၄ရက်ထိ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော်လည်း TNLA တပ်စွဲထားသော တောင်ကုန်များသို့ အစိုးရ စစ်တပ်မှ ဗုံးကျဲခြင်းခြင်း၊ ဖေဖော်ဝါရီလ ၅ရက်တွင်မူ ကင်းထောက်လေယာဉ် ၂စီး ဝဲပျံခဲ့ပြီး TNLAတပ်နေရာ ပစ်မှတ်ရှာဖွေခဲ့သည်ဟု ဆိုထားသည်။

အစိုးရ စစ်တပ်က စစ်အင်အား ထပ်မံ တိုးမြင့်၍ ထိုးစစ်ဆင်မှုများ ဆက်လက်ရှိနေဆဲ ဖြစ်ပြီး ကျေးရွာ သားများအား ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်နေသဖြင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်သည်ဟု ဆိုထားသည်။

တစ်ဖက်တွင်လည်း အစိုးရ တပ်မတော်ဘက်က နယ်မြေရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် TNLAအဖွဲ့မှ အင်အား ၂၀ခန့်ဖြင့် ထိပ်တိုက်တွေ့ရာမှ နှစ်ဖက် ဖေဖော်ဝါရီ ၂ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး TNLA အဖွဲ့မှ မိုးကုတ်-မိုးမိတ် ကားလမ်းပေါ်တွင် လုံခြံုရေးယူထားသည့် အစိုးရ၏ လွယ်ဆာစခန်းအား လက်နက်ကြီးငယ်များဖြင့် လာရောက်ပစ်ခတ်၍ တပ်မတော်မှ စစ်သည်တစ်ဦး ကျဆုံးခဲ့သည်ဟု ဖေဖော်ဝါရီ ၃ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ ထို့ပြင် ဖေဖော်ဝါရီ ၃ ရက်တွင်လည်း ထပ်မံတိုက်ပွဲဖြစ်ခဲ့ပြီး အစိုးရတပ်မှ စစ်သည် ၄ ဦး ကျဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုထားသည်။