မီဒီယာ လွတ်လပ်ခွင့်အဆို ပြည်ခိုင်ဖြိုးနှင့် တပ်ကိုယ်စားလှယ်များ ကန့်ကွက်၍ ရှုံးနိမ့်

မီဒီယာ လွတ်လပ်ခွင့်အဆို ပြည်ခိုင်ဖြိုးနှင့် တပ်ကိုယ်စားလှယ်များ ကန့်ကွက်၍ ရှုံးနိမ့်
by -
မဇ္စျိမ

သတင်းမီဒီယာများ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်နိုင်ရန် အဆိုတစ်ရပ်ကို ဖေဖော်ဝါရီ ၆ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက တင်သွင်းခဲ့သော်လည်း အာဏာရပြည်ခိုင်ဖြိုးပါတီနှင့် တပ်ကိုယ်စားလှယ်များက ကန့်ကွက်၍ ရှုံးနိမ့်ခဲ့သည်။

ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သတင်းမီဒီယာများလွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်နိုင်ရန်နှင့် သတင်းမီဒီယာများ အနေဖြင့်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု အစိုးရမှ ဥပဒေနှင့် အညီ ဆောင်ရွက်မှုများ အလျင်အမြန် ပြုလုပ်ပေးပါရန် တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် အဆိုကို မဲခွဲဆုံးဖြတ်ရာ၌ ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်သား ကိုယ်စားလှယ်များက ကန့်ကွက်သောကြောင့် မဲပေးပိုင်ခွင့်ရှိသူ ၃၂၁ဦးအနက် ထောက်ခံမဲ ၅၁မဲ၊ ကန့်ကွက်မဲ ၂၁၇မဲ၊ ကြားနေမဲ ၁၈ မဲသာ ရရှိပြီး ရှုံးနိမ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “ဒီအဆိုကို တင်သွင်းရာမှာ ဥပဒေနဲ့အညီ လုပ်ဆောင်ပေးဖို့ဆိုတာ ပါတယ်။ ဥပဒေနဲ့ လုပ်ဆောင်တယ်ဆိုတာကို ဘာကန့်ကွက်တယ်ဆိုတာ မသိဘူး၊ ကန့်ကွက်တဲ့ သူတွေကို မေးရမှာပေါ့” ဟု ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး မဇ္ဈိမ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

အဆိုရှင် ဦးဖြိုးမင်းသိန်းက သတင်းမီဒီယာများ ဖမ်းဆီးခံရမှုများ၊ သေဆုံးမှုများ ရှိနေသောကြောင့် မြန်မာနိုင်ငံရှိ သတင်းမီဒီယာ လွတ်လပ်ခွင့်သည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကောင်းမွန်သည့် အဆင့်သို့ မရောက်ရှိသေးသည့်အတွက် ပြည်ပနိုင်ငံများရှိ မီဒီယာများက မြန်မာနိုင်ငံ၏ မီဒီယာလွတ်လပ်ခွင့်ကို စောင့်ကြည့်နေသောကြောင့် ပြည်ထောင်စု အစိုးရအနေဖြင့် မီဒီယာများကို လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်နိုင်ရေး အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်ဟု ရှင်းပြသည်။

၎င်းက “ကျွန်တော်စိတ်မကောင်းလည်း ဖြစ်မိတယ်။ အံ့လည်း အံ့သြမိတယ်။ ကျွန်တော်တို့ လွှတ်တော်ကြီးဟာ ပြည်သူ့အသံကို နားထောင်တဲ့ လွှတ်တော်ကြီး ဟုတ်ပါရဲ့လားလို့ သံသယဖြစ်မိပါတယ်”ဟု ပြောသည်။

သတင်းမီဒီယာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနှိပ်ကွပ်သည့် ဥပမာများအနေဖြင့် သတင်းထောက်ကိုပါကြီး သေဆုံးမှု၊ Eleven Media Group အား ပြန်ကြားရေးဝန်ကြီးဌာနက တရားစွဲဆိုထားမှု၊ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်ထုတ် Unity Journal တွင် ဖော်ပြခဲ့သည့် ပေါက်မြို့နယ်၊ လျှို့ဝှက်ဓာတုလက်နက်စက်ရုံသတင်းကြောင့် ဂျာနယ် အမှုဆောင်အရာရှိချုပ် အပါအဝင် သတင်းထောက် ငါးဦးကို လျှို့ဝှက်အက်ဥပဒေပုဒ်မဖြင့် အလုပ်ကြမ်းဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်ဟု ဆိုသည်။

၎င်းက "ဒီလိုဖြစ်စဉ်တွေနဲ့ အထူးအခြားဖြစ်စဉ်တွေမှာလည်း သတင်းမီဒီယာသမားများကို ဥပဒေပုဒ်မများ တပ်ပြီး တရားစွဲဆိုထားတာကိုလည်း အများသိရှိပြီးဖြစ်ပါတယ်’’ ဟု အဆိုတွင် ပြောကြားသည်။

“မီဒီယာများ အရေးယူခံရတဲ့ ကိစ္စရပ်များဟာလည်း နည်းဥပဒေအသင့်ဖြစ်နေတဲ့ အချိန်ကာလမှာ ဖြစ်နေတဲ့ အခြေအနေကို သတိပြုရမှာဖြစ်ပါတယ်။ မီဒီယာများဘက်ကလည်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ထုတ်ပြန်ထားပြီးဖြစ်တဲ့ သတင်းမီဒီယာ ကျင့်ဝတ်တွေများနဲ့ တည်ဆဲဥပဒေများကို လေးစားလိုက်နာ သွားကြမယ်ဆိုရင် တရားစွဲနိုင်ခြင်းများ မရှိနိုင်တော့ပါဘူး”ဟု ပြန်ကြားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးပိုက်ထွေးက လွှတ်တော်ကို ရှင်းပြသည်။

အဆိုရှင်ဘက်မှ ထောက်ခံမဲပေးခဲ့သူ သင်္ကန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က "ပြန်ကြားရေး ဝန်ကြီးဌာနကရော အဆိုရှင်ကကော လိုအပ်ချက်ကတော့ အချက်အလက်ကို မျှမျှတတဖြစ်နိုင်ချေတွေနဲ့ အညီဖြေရှင်းသင့်ပါတယ်’’ ဟု ဆိုသည်။

၎င်းက "ဘယ်လိုပဲပြဿနာပေါ်ပေါ် ဒီလိုပြဿနာတွေကို မီဒီယာဥပဒေနဲ့ အညီဖြေရှင်းသင့်တယ်လို့ ယူဆတဲ့အတွက် ထောက်ခံမဲပေးခဲ့ပါတယ်’’ ဟု ဖြည့်စွက်ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က အဆိုအောင်ခြင်း၊ မအောင်ခြင်းထက် အဆိုအား အများက ကြားသိရခြင်း၊ လုပ်ဆောင်ရမည့်ကိစ္စများ သိရှိသွားခြင်းကြောင့် ထိုက်တန်သည့် အဆိုတစ်ခုဖြစ်သည့်အတွက် ထောက်ခံခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ဦးမြင့်ကျော်က "အစိုးရနဲ့ တပ်မတော်မှာ မီဒီယာကို allergic ဖြစ်တဲ့သဘော၊ ကြောက်တဲ့ သဘော၊ စိုးရွံ့တဲ့သဘော ရှိနေသလို တွေ့ရပါတယ်’’ ဟု တယ်လီဖုန်းမှ တစ်ဆင့် ဖြေကြားသည်။

၎င်းက "သတင်းမီဒီယာ တာဝန်ယူမှု၊ တာဝန်ခံမှုက သက်ဆိုင်ရာ မီဒီယာ အဖွဲ့အစည်းတွေ လုပ်နေတယ်၊ အစိုးရအနေနဲ့က သတင်းရယူပိုင်ခွင့်ကို လွတ်လပ်ခွင့်ပေးဖို့လိုပါတယ်’’ ဟု ဖြည့်စွက်ပြောသည်။