ပြည်ထောင်စုနေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရအကြား ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး သဘောတူညီမှု ရယူရန် တိုင်းရင်းသားခေါင်းဆောင်များက ကမ်းလှမ်းမှုအပေါ် အစိုးရဘက်မှ လက်မခံကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)၏ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းက ပြောသည်။
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် UPWCနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနိုင်းရေးအဖွဲ့(NCCT)တို့ ဖေဖော်ဝါရီလ ၅ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ဝန်ကြီး ဦးအောင်မင်းက မီဒီယာများကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“စာချုပ်ကြီးထဲမှာ ပါတဲ့အတိုင်းပဲ ပြောပါရစေ၊ စာချုပ်ကြီးမှာ ဘာပါလဲဆိုတော့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနဲ့အညီ ဆောင်ရွက်သွားမည်လို့ ပါပြီးသား။ ကျွန်တော်တို့က ဒါကို လက်မခံတာ မဟုတ်ဘူး။ ဆွေးနွေးပြီးမှ ဆက်လက် အကောင်အထည်ဖော်မယ်။ အခုချက်ချင်း တိုက်ရိုက် တည့်ကြီး တောင်းရင်တော့လည်း ဒါကတော့ ဆွေးနွေးပွဲတွေ လုပ်ဖို့ လိုအပ်တယ်လို့ ပြောချင်တယ်” ဟု ဦးအောင်မင်းက ပြောသည်။
ဖေဖော်ဝါရီလ ၁၂ရက်တွင် ကျရောက်သော ၆၈ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေဆိုင်ရာ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးသွားရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က ဇန်နဝါရီလ ၂၉ရက်က ပြောဆိုထားသည်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့(NCCT)ကလည်း ဖေဖော်ဝါရီ ၅ရက်က ထပ်မံ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
“သူတို့တောင်းဆိုချက်တွေက ကျွန်တော်တို့ အခုဆွေးနွေးနေတဲ့ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်(NCA) ဒီစာချုပ်ကြီးရဲ့ မူဘောင်ကို မကျော်တဲ့ဥစ္စာဆို အားလုံးကို သဘောတူလို့ ရပါတယ်။ အဲဒီ NCA စာချုပ်ထဲမှာ မပါတဲ့ အချက်တွေ အသစ် ထပ်တောင်းလာရင်တော့ ကျွန်တော်တို့က ဆွေးနွေးပြီးကာမှ ဆုံးဖြတ်ရမှာဖြစ်တယ်။ ဒီနေ့လည်း ဒါပဲ ပြောလိုက်တယ်။ ခင်ဗျားတို့ ပြောဆိုတဲ့ တောင်းဆိုချက်တွေ အားလုံးက အန်စီအေစာချုပ်ကြီးရဲ့ မူဘောင်ထဲမှာရှိရင် ဒါဖြစ်နိုင်ပါတယ်။ အခုအဲဒီဘောင်ထဲမှာ ကျော်ရင်တော့ မဖြစ်နိုင်ဘူးလို့ ပြောထားပါတယ်”ဟု ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၅ရက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၂ဖွဲ့မှ ကိုယ်စားလှယ်များနှင့် သမ္မတတို့ နေပြည်တော်၌ တွေ့ဆုံစဉ် လာမည့် ဖေဖော်ဝါရီလ ၁၂ရက် ပြည်ထောင်စုနေ့တွင် သမ္မတ ဦးသိန်းစိန်က အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန် ကမ်းလှမ်းခဲ့သည်။
UPWCနှင့် NCCTတို့ တစ်ဆို့နေသည့် အချက်များကို ညှိနှိုင်းဆွေးနွေးမည့် ရကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးမှု ကြန့်ကြာနေသဖြင့် လက်မှတ်ရေးထိုးရန် မဖြစ်နိုင်သေးကြောင်း ဦးအောင်မင်းက ပြောဆိုခဲ့သည်။
“အမှန်က ရကြိမ်မြောက်ဆွေးနွေးပွဲကို ပြည်ထောင်စုနေ့ မတိုင်ခင် လုပ်လိုက်ရင် သဘောတူညီချက်တွေ အားလုံး ရသွားမယ်ဆိုရင် လက်မှတ်ထိုးဖို့က ဖြစ်သွားမှာ။ အခုက ရကြိမ်မြောက်ဆွေးနွေးပွဲက ကြာနေတာ။ အဲ့ဒီရက်မှာ လက်မှတ်ထိုးဖို့ဆိုတာ အဲ့ဒီအစည်းအဝေး ဆုံးဖြတ်ချက်အရ လက်မှတ်ထိုးရမှာဖြစ်တဲ့အတွက် ကျနော်ဒါက မထိုးနိုင်သေးဘူးလို့ ပြောပါရစေ”ဟု သူက ဆက်လက် ပြောဆိုသည်။
၇ကြိမ်မြောက် ဆွေးနွေးပွဲကို ပြည်ထောင်စုနေ့ နောက်ပိုင်းတွင် ရန်ကုန်မြို့၌ ထပ်မံတွေ့ဆုံဆွေးနွေးရန် ဖေဖော်ဝါရီ ၅ရက်က သဘောတူညီထားပြီး ဖြစ်သည်။ သို့သော် တွေ့ဆုံမည့်ရက် အတိအကျကိုမူ ချင်းမိုင်မြို့၌ ထပ်မံဆွေးနွေးကာ ဆုံးဖြတ်မည်ဖြစ်သည်။
ဝန်ကြီးဦးအောင်မင်း ဦးဆောင်သည့် UPWCကိုယ်စားလှယ်များသည် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာ ဦးဆောင်သောအဖွဲ့နှင့် ဖေဖော်ဝါရီလ ၆ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တစ်နာရီခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
ထိုဆွေးနွေးမှုတွင် လာမည့် ဖေဖော်ဝါရီလ ၁၂ရက်တွင် ကျရောက်သော ၆၈ကြိမ်မြောက် ပြည်ထောင်စုနေ့ ဆွေးနွေးပွဲ တက်ရောက်ရန် ဖိတ်ကြားခဲ့ပြီး လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် ဆွေးနွေးတင်ပြခဲ့သည်ဟု MPC မှ ဦးလှမောင်ရွှေက မဇ္ဈိမကိုပြောသည်။