ကမ္ဘာ့ထိပ်တန်းမြို့စာရင်းတွင် ပုဂံ ဒုတိယချိတ် တန်ဖိုးထား ထိန်းသိမ်းရန် ပညာရှင်များ ပြော

ကမ္ဘာ့ထိပ်တန်းမြို့စာရင်းတွင် ပုဂံ ဒုတိယချိတ် တန်ဖိုးထား ထိန်းသိမ်းရန် ပညာရှင်များ ပြော
by -
မဇ္စျိမ

ရန်ကုန် (မဇ္ဈိမ)။ ။ ရှေးဟောင်းမြို့တော် ပုဂံကို ၂ဝ၁၅ ခုနှစ်အတွက် ကမ္ဘာ့ဒုတိယထိပ်တန်းမြို့အဖြစ် ဗြိတိန်အခြေစိုက် Wanderlust ခရီးသွား မဂ္ဂဇင်းက ရွေးချယ်ခဲ့ပြီး ပုဂံကို ရေရှည်တည်တံ့စေရန် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖြင့် ထိန်းသိမ်းသင့်သည်ဟု ပညာရှင်များက သုံးသပ်လိုက်သည်။

မြန်မာအစိမ်းရောင် ကွန်ရက်မှ ဒေါ်ဒေဝီသန့်စင်က ''ရှေးဟောင်းယဉ်ကျေးမှုဆိုတာ အရှိအတိုင်းထားသင့်တယ်။ အခု ပွင့်လင်းရာသီချိန်မှာ လာတဲ့ ခရီးသွားတွေဆီက ပိုက်ဆံလေးလောက်ကို မက်ပြီး ဟိုတယ်တွေ ဆောက်ကြတယ်။ ရေရှည်တည်တံ့တဲ့ ထိန်းသိမ်းမှုကို မစဉ်းစားဘူး။ ခရီးသွားတွေက တို့ရေမြေ၊ ယဉ်ကျေးမှုနဲ့ မတူလို့ လာကြတာ။ အားလုံးခေတ်မီနေပြီး စိတ်ဝင်စားစရာ မကောင်းရင်၊ ကိုယ့်နိုင်ငံအခြေအနေ တစ်ခုခုမကောင်းရင် လာကြတော့မှာ မဟုတ်ဘူး''ဟု ဆိုသည်။

 ညောင်ဦးမြို့ ပုဂံရှေးဟောင်းဘုရားများကို လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားဧည့်သည်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - ငြိမ်သစ်ညီ၊ မဇ္ဈိမ)

မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာရှင်များအသင်းမှ ဦးစိုးဝင်းနိုင်က ''ပုဂံမှာ ဟိုတယ်တွေ ဘုရားထဲရောက်နေတာ၊ ဂေါက်ကွင်းထဲ ဘုရားရောက်နေတာတွေ၊ ဟိုတလောက ဘုရားကို ခြံခတ်တဲ့ ကိစ္စတွေ ဒီလိုလူကြောင့်ဖြစ်တဲ့ ပြဿနာတွေကို ထိန်းသိမ်းဖို့ ပုဂံမှာ တော်တော်လိုနေပါတယ်။ ဒါကို ဖြေရှင်းဖို့ ကျွန် တော်တို့ အစီအစဉ်တွေ လုပ်နေပါတယ်'' ဟု ဆိုသည်။

၁ဝ ရာစုနှင့် ၁၄ ရာစုကြား ဆောက်လုပ်ထားသည့် စေတီပုထိုး၊ ဘုရားကျောင်းကန် ၂,ဝဝဝကျော်ရှိသော ပုဂံမြို့ကို ကမ္ဘာ့ထိပ်တန်းမြို့စာရင်းတွင် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပြီး ပထမအဖြစ် လာအိုနိုင်ငံ၊ လုံဘရား ဘန်မြို့က ဆန္ဒမဲ ၉၇ ဒသမ ၄ ဖြင့်လည်းကောင်း၊ ဒုတိယအဖြစ် ပုဂံမြို့က ၉၅ ရာခိုင်နှုန်း၊ တတိယအဖြစ် ဆွီဒင်မြို့တော် စတော့ဟုမ်းက ဆန္ဒမဲ ၉၄ ဒသမ ရ၄ ရာခိုင်နှုန်းဖြင့် စတုတ္ထနှင့် ပ ဉ္စမအဖြစ် ဂျပန်နိုင်ငံ၊ တိုကျိုမြို့နှင့် ဗီယက်နမ် ဟွိုင်အမ်းမြို့များ ရွေးချယ်ခံခဲ့သည်။

သို့သော် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို)၏ ကမ္ဘာ့အမွေအနှစ် စာရင်းတွင် ပုဂံကို ထည့်သွင်းထားခြင်း မရှိပေ။ ယင်းနှင့်ပတ်သက်၍ ဒေါ်ဒေဝီသန့်စင်က ''ပုဂံကို ယူနက်စကိုက ကမ္ဘာ့ အမွေအနှစ် စာရင်းမှာထည့်သွင်းခြင်း မပြုတာက နန်းမြင့်မျှော်စင်လိုမျိုး မဆောက်သင့်တဲ့ အဆောက်အအုံတွေ ဆောက်တာတွေလည်း ပါတယ်။ ယူနက်စကိုကတောင် ကျိုးကြောင်းမညီညွတ်လို့ မရွေးချယ်ဘဲ ဒီလမ်းညွှန်က ရွေးတာဟာ ဘယ်လိုအကျိုးစီးပွားဆက်နွှယ်မှုရှိနေလဲ ဆိုတာတော့ စဉ်းစားစရာပါ'' ဟု ဆိုသည်။

Most read this week