သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ဖေဖော်ဝါရီလဆန်းက ဖြစ်ပွါးခဲ့သော တိုက်ပွဲကြောင့် ဒေသခံ နားလေရွာသား စိုင်းမြင့်အောင် (အသက် ၁၆ နှစ်) အား ရွာသားအား အစိုးရစစ်တပ်က ဖမ်းဆီးကာ မျက်နှာ၊ လည်ပင်း ရင်ဘတ် လက်တို့တွင် ဓါးဖြင့်မွှန်း၍ စစ်ဆေးခဲ့ကြောင်း နမ္မတူဒေသခံများပြောပြချက်အရ သိရသည်။
“၁ ရက်နေ့က ကျနော်တို့ရွာနားမှာ အစိုးရတပ်ရဲ့ စစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရလို့ ၃ ယောက်သေသွားတဲ့ကိစ္စလေ။ အဲဒီအကြောင်းမေးတယ်။ တအာင်းစစ်သားတွေအကြောင်း မေးတယ်။ အိုက်မြင့်အောင်က မသိဘူးလို့ဖြေတာ သူ့မျက်နှာ လည်ပင်း လက်တွေမှာ ဓါးနဲ့မွှန်းတယ်။ အခု ပန်လုံအုပ်စုဆေးရုံမှာ ဆေးကုနေတယ်” ဟုရွာသားတဦးက သျှမ်းသံ တော်ဆင့်အားပြောပြသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က ပန်လုံအုပ်စုဘက်သွားသည့် တပ်မ ရ၇ လက်အောက်ခံ စစ်ကြောင်းတခုအား အမည်မသိ လက်နက်ကိုင်လူတစုက ဝမ့်လီလုနှင့် ဝမ့်ချောင်းသာ ကျေးရွာနှစ်ခုကြားရှိ ဝမ့်နားလေး ကျေးရွာနားတွင် ခြုံခိုတိုက်ခိုက်ရာ အစိုးရတပ် သား ၃ ဦးကျပြီး ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံစိုင်းခမ်းကပြောသည်။
အလားတူ ၂ ရက်နှင့် ၃ ရက်နေ့ကလည်း မိုးကုတ်နှင့်မိုးမိတ်မြို့နယ်အတွင်း တအာင်း တပ်မတော်နှင့် အစိုးရတပ်တို့ တိုက်ပွဲထပ်မံဖြစ်ပွါးခဲ့ရာ အစိုးရတပ်ဘက်မှ လက်နက်ကြီးနှင့် တိုက်လေယာဉ်များ အသုံးပြု တိုက်ခိုက်မှုကြောင့် ကျောင်းသားများနှင့် ဒေသခံလူထု ဒဏ်ရာရသည့်ပြင် ၂၀၀၀ ခန့်မှာ စစ်ဘေးရှောင်နေရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့က ကြေငြာချက်ထုတ်ပြန်ခဲ့ပါသည်။
ထို့ကြောင့် အစိုးရအား တိုင်းရင်းသားဒေသသို့ တပ်မတော်မှ အားဖြည့်တိုက်ခိုက်နေမှုကို ချက် ချင်းရပ်တန့်ပေးရန်လည်း တအာင်းအမျိုးသမီးအဖွဲ့က ကြေငြာချက်ထုတ်ပြန် လိုက် ပါသည်။