မိမိကံကြမ္မာ မိမိဖန်တီးနိုင်ရေး အမျိူးသားရည်မှန်းချက် အကောင်အထည်ဖေါ်ရေး မွန်အမျိုးသားနေ့ဗဟို သဘာပတိမြွက်ကြား

မိမိကံကြမ္မာ မိမိဖန်တီးနိုင်ရေး အမျိူးသားရည်မှန်းချက် အကောင်အထည်ဖေါ်ရေး မွန်အမျိုးသားနေ့ဗဟို သဘာပတိမြွက်ကြား
by -
မွန်အေဂျင်စီ

မွန်အမျိူးသားလူထုများ မိမိကံကြမ္မာ မိမိဖန်တီးနိုင်ရေးဆိုသော တစ်ခုတည်းသော အမျိူးသား ရည်မှန်းချက်အပေါ်တွင် အခြေခံကာ စုစည်းညီညွတ်စွာ တာဝန်သိစွာနှင့် အတူတကွ လက်တွဲသွားကြရန် လိုကြောင်း ဖေဖော်ဝါရီလ (၄)ရက်နေ့ မွန်ပြည်နယ်၊ ရေးမြို့တွင် ကျင်းပသော မွန်အမျိူးသားနေ့ အခမ်းအနား(ဗဟို)တွင် သဘာပတိ နိုင်အောင်ဂျနက်က ပြောသည်။

“ဒီနေ့ ဒီအခါ (၂၀ဝ၈)ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးပာာ မြန်မာနိုင်ငံရေးမှာ ထိပ်တန်း ရောက်နေပါတယ်၊ ဒီနေရာမှာ ကျွန်တော်တို့ ပြင်ဆင်ချင်တာနဲ့ တခြားသူတွေ ပြင်ဆင်ချင်တာ တူညီလိမ့်မှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ တိုင်းရင်းသားတွေ လိုချင်တဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပုံစံမျိူးနဲ့ အခြားအဖွဲ့အစည်းများ ခံယူထားတဲ့ ဖက်ဒရယ်အခြေခံ ပြည်ထောင်စု စသည်ဖြင့် အမျိူးမျိူးကွဲပြားနေပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ မွန်အမျိူးသားထုပာာ အစစ်အမှန်ဆိုတာ ဘယ်ဟာဖြစ်ပြီး လက်တွေ့မှာ အများစုထောက်ခံမှု၊ ဆုံးဖြတ်မှုရရှိမယ့် ဖယ်ဒရယ် ပုံသဏ္ဍန်ကို လေ့လာရေးဆွဲထားဖို့ လိုအပ်နေပြီလို့ ယူဆပါတယ်။ ” ဟု နိုင်အောင်ဂျနက် ကပြောသည်။

CIMG0677

အလားတူ မွန်အမျိူးသားထုအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲရေးအား ဆန်းစစ်ပြီး အနာဂတ်ကာလတွင် မွန်တစ်မျိူးသားလုံး၏ တန်းတူရေးနှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိနိုင်ရေးအတွက် ရည်မှန်းချက်သို့ ဦးတည်ကာ တိုက်ပွဲဝင်သွားရမည်ဖြစ်ကြောင်း အခမ်းအနားသို့ မွန်ပြည်သစ်ပါတီပေးပို့သော မွန်အမျိူးသားနေ့ ထုတ်ပြန်ချက်တွင် ရေးသားဖေါ်ပြထားသည်။

အဆိုပါမွန်ပြည်သစ်ပါတီထုတ်ပြန်ချက်တွင် “မွန်တစ်မျိူးသားလုံး သွေးစည်းညီညွတ်ရေး တည်ဆောက်ဆဲကာလတွင် လူမျိူးပေါင်းစုံ သွေးစည်းညီညွတ်ရေး အခြေခံမှုကို ကိုင်စွဲပြီး UNFCတပ်ပေါင်းစု၊ တိုင်းရင်းသား လူမျိူးများနှင့်အတူ နိုင်ငံရေးဆွေးနွေးသွားမည် ဖြစ်သည်” ဟု ပါရှိသည်။

အခမ်းအနား(ဗဟို)ကို နံနက် (၆)နာရီမှ စတင်ကာ လူငယ်များနှင့် ကျောင်းသားများ ချီတက်သော ဂုဏ်ပြုစစ်ကြောင်းဖြင့် အလံတင် အခမ်းအနားဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့် ပေးပို့သော ၆၈ ကြိမ်မြောက် မွန်အမျိုးသားနေ့ သဝဏ်လွှာကိုလည်း ဖတ်ကြားခဲ့သည်။

တဖက်တွင်လည်း မွန်အမျိုးသားနေ့အား တရားဝင် ရုံးပိတ်ရက်ရရှိရေးအတွက် ဦးပဇင်း ဥက္ကံသ (ခေါ်) ဦးပဇင်း ဇော်လတ်နှင့် မွန်လူငယ်အချို့ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး “ မွန်အမျိုးသားနေ့အား တရားဝင်ရုံးပိတ်ရက်ရရှိရေး ဒို့အရေး ” စာတမ်းပါ စတစ်ကာများကို ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ မွန်အမျိူးသားနေ့ အခမ်းအနားသို့ သံဃာတော်များ၊ မွန်အဖွဲ့အစည်းများ၊ ပါတီများ၊ ၈၈ မျိူးဆက် မွန်ကျောင်းသားများ၊ ထိုင်းနိုင်ငံဖွား မွန်များ၊ မွန်ပြည်နယ် ဝန်ကြီးအချို့၊ မွန်မျိူးချစ်များ စသဖြင့် လူဦးရေ သောင်းနှင့်ချီ တက်ရောက်ခဲ့ကြသည်။

၁၉၉၇ ခုနှစ်တွင် ကျရောက်ခဲ့သော အနှစ်၅၀ပြည့် ရွှေရတုမွန်အမျိုးသားနေ့မှ စတင်၍ မွန်အမျိုးသားအားလုံး ကိုယ်စားပြုသော ဗဟိုကျင်းပရေးကော်မတီဖွဲ့စည်းခဲ့ပြီး တစ်နှစ်လျှင် မြို့နယ်တစ်ခုကျ သတ်မှတ်ကျင်းပခဲ့ရာ ယမန်နှစ်တွင် ကမာဝက်မြို့တွင် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ရေးမြို့၌အလှည့်ကျ ကျင်းပရခြင်း ဖြစ်သည်။

Most read this week