မုတ္တမ-သံလွင်မြစ်အတွင်း သဲစုပ်ထုတ်မှုကြောင့် ကမ်းပါးများပြိုကျ

မုတ္တမ-သံလွင်မြစ်အတွင်း သဲစုပ်ထုတ်မှုကြောင့် ကမ်းပါးများပြိုကျ
by -
မွန်အေဂျင်စီ

မွန်ပြည်နယ်၊ မုတ္တမ-သံလွင်မြစ်ဝအတွင်း သဲစုပ်ထုတ်မှုများ ပြုလုပ်လျက်ရှိရာ ယခင်ကာလထက် ကမ်းပါးပြိုမှု ပိုမိုများလာသောကြောင့်  ထိုအနီးအနားဝန်းကျင်ရှိ ကျွန်းပေါ်နေ ဒေသခံလယ်မြေများ ဆုံးရှံုးမှုတွေ ရှိနေကြောင်း ဟင်္သာကျွန်းတွင် နေထိုင်သူများက ပြောသည်။

ဟင်္သာကျွန်း အပေါ်ဆိပ်ကျေးရွာ ဥက္ကဋ္ဌ ဦးသန်းဝင်းက “ကျေးရွာက ကမ်းနားမှာရှိနေတော့ ကမ်းပြိုတော့ နေစရာ အခက်အခဲ ရှိလာတယ်၊ ရေတိုက်စားလို့ ကမ်းပြိုတာ၊ သဘာဝအရဆိုရင် မပြိုဘူး၊ အရင်တုန်းက သူ့ဟာသူ ပြိုတာကတစ်မျိုး၊ အခုဟာက မနှစ်က သဲစုပ်တာကစပြီး သူ့ရဲ့ဆွဲငင်အားက ကမ်းမှာရှိတဲ့ နှုံးတို့ သဲတို့ကို ဆွဲယူသွားတော့ မြေကြီးက ဟိုက်ပြီးတော့ ကမ်းတွေက ရုန်းဆင်းသွားတော့တာပေါ့” ဟု ပြောသည်။

22

ယခင်တစ်လကျော်အတွင်း ချောင်းဆုံမြို့နယ် ဟင်္သာကျွန်းအတွင်းရှိ လယ်မြေ ၂၀ ဧကခန့် ရေတိုက်စားမှုဖြစ်ပြီး ကမ်းပြိုသည့်အထဲ ပါသွားသည်ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ သဲစုပ်ထုတ်သည့် သင်္ဘောကြီးများသည် နေ့ဘက်ပိုင်းများတွင် အလုပ်မလုပ်ဘဲ ညပိုင်းနှင့် ရေတက်သည့်အချိန်တွင် စုပ်ထုတ်ကြောင်း၊ ညပိုင်းများတွင် ကမ်းဘက်သို့ ကပ်ပြီး သဲများ စုပ်ထုတ်ကြောင်း၊ သဲစုပ်သည့် တုန်ခါမှုနှင့် အသံတို့ကြောင့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ ညပိုင်းတွင် ကောင်းစွာ မအိပ်ရကြောင်း ဦးသန်းဝင်းက ဆက်ပြောသည်။

လယ်မြေ ၁၀ ဧကရှိရာမှ ကမ်းပြိုကျမှုကြောင့် ၆ ဧကသာ ကျန်တော့သည့် လယ်သမား ကိုဇော်မျိုးနိုင်က “ကျနော့်လယ် တည့်တည့်မှာ သဲစုပ်နေတယ်။ ညညဘက်ဆိုရင်လည်း ကောင်းကောင်းမအိပ်ရဘူး” ဟု ပြောသည်။

အလားတူ ချောင်းဆုံမြို့နယ်၊ ဟင်္သာကျွန်းကျေးရွာအုပ်စု ငဟစ်ကျွန်းတွင် ရေကြောင်းရှင်းလင်းခြင်းဟု ဆိုကာ သင်္ဘောကြီးများဖြင့် သဲများစုပ်ယူခဲ့ရာတွင် ညအချိန်မှောင်လာလျှင် ကျွန်းအနီးသို့ လာရောက်စုပ်ယူလျှက်ရှိ သည့်အတွက် ကမ်းပါးပြိုပြီး မွမ်းမံထားသည့် တာတမံနှင့် စပါးများ ပျက်စီးဆုံးရှုံးခဲ့ရသည့်ကိစ္စအား ကျွန်းနေလယ်သမား ၁၀ ဦးက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူးသို့ တင်ပြထားသည်။

“လက်ရှိကျနော်တို့လယ်သမားတွေအနေနဲ့ သဲမပေးစုပ်ထုတ်ချင်ပါဘူး၊ ကမ်းပြိုသွားလို့ ဒီမှာကျနော်တို့နဲ့ ကမ်းစပ်က တအားနီးကပ်နေပြီး။ အစက ကမ်းနဲ့အဝေးကြီးနော်၊ အခုလက်ရှိ ပြိုသွားလို့ရှိရင် ဘယ်သူက နေရာပြန်ချပေးမလဲ၊ နေစရာ နေရာလည်းမရှိဘူး” ဟု ကိုဇော်မျိုးနိုင်က ပြောသည်။

အဆိုပါ မြစ်ဝအတွင်း သဲစုပ်မှုကို ၂၀၁၄ ခုနှစ်တွင်၄င်း ယခုတဖန် ထပ်မံသဲစုပ်ထုတ်နေမှုကြောင့် ကမ်းပါးပြိုပြီး အိမ်ခြေများ ရေမျောပါမည့်အန္တရာယ်အတွက် စိုးရိမ်နေကြခြင်းသည်။ မြစ်ဝရေစီးကြောင်း တိမ်ကောလာသည့်အတွက် ကုန်ပစ္စည်းစီးဆင်းမှု ပိုမိုကောင်းမွန်လာစေရန် စင်္ကာပူနိုင်ငံ Star Asia Pacific Company မှ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး မြစ်ကြောင်းအတွင်းရှိ သဲများကို စုပ်ထုတ်၍ မြစ်ကြောင်းနက်အောင် ပြုလုပ်ပြီး ရရှိလာသော အခွန်ငွေကို သက်ဆိုင်ရာ ဆက်စပ်ဌာန သို့ ပေးဆောင်ရကြောင်း ပို့ဆောင်ရေးဌာန အရာရှိက ပြောသည်။

ဟင်္သာကျွန်းအပေါ်ဆိပ်တွင် အိမ်ခြေ ၅၀ ခန့်ရှိပြီး၊  အိမ်ခြေတစ်လုံးတွင် အိမ်ထောင်စု ၂ စု၊ ၃ စုခန့် စုပေါင်းနေထိုင်ကြကြောင်း ဟင်္သာကျွန်းနေသူတို့က ပြောသည်။

သံလွင်မြစ်ဝကမ်းပါး ပြိုကျနေပုံ(IMNA)

Most read this week