အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် ရ ကြိမ်မြောက် ဆွေးနွေးပွဲကို လာမည့် ဖေဖော်ဝါရီ ၁၂ ရက် နောက်ပိုင်း ရန်ကုန်မြို့တွင် ပြန်လည် တွေ့ဆုံရန် သဘောတူညီမှု ရရှိသည်ဟု နှစ်ဖက် ကိုယ်စားလှယ်များက ပြောသည်။
ဝန်ကြီးဦးအောင်မင်း၊ ဝန်ကြီးဦးခင်ရီတို့ ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီလ ၅ရက် မွန်းလွဲပိုင်း ၂နာရီမှ ၅နာရီကျော်ထိ တွေ့ဆုံဆွေးနွေးခဲ့ရာ၌ ယင်းသို့ သဘောတူခဲ့ခြင်း ဖြစ်သည်။ လာမည့် ပြည်ထောင်စုနေ့တွင် တစ်စုံတစ်ရာ နားလည်မှု လက်မှတ်ရေးထိုးရန်လည်း တိုက်တွန်းခဲ့သည်ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက မဇ္စျိမကို ပြောသည်။
“သူတို့ လာရင်းကိစ္စက ပြည်ထောင်စုနေ့ အခမ်းအနားတက်ဖို့ ဖိတ်စာတွေ ပေးသွားတယ်။ ပြည်ထောင်စုနေ့မှာ တစ်စုံတစ်ရာ နားလည်မှု လက်မှတ်ထိုးဖို့ တိုက်တွန်းတယ်။ သူတို့ဘက်က အကြံပြုစာလည်း ပေးထားတယ်။ ကျွန်တော်တို့ဘက်ကလည်း အကြံပြုစာ ပေးထားတယ်။ အဲဒီမှာ မညှိနှိုင်သေးဘူး။ နောက်တချက်က တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကိစ္စကို ထပ်ဆွေးနွေးသွားနိုင်ဖို့ ပြည်ထောင်စုနေ့ အခမ်းအနားပြီးတော့မှပဲ အလွတ်သဘော ပြန်တွေ့ကြမယ်”ဟု သူက ပြောသည်။
ပြည်ထောင်စုနေ့ နောက်ပိုင်း UPWC နှင့် NCCT တို့ ထိုင်းနိုင်ငံ ချငး်မိုင်မြို့တွင် ထပ်မံ တွေ့ဆုံ ညှိနှိုင်းပြီးနောက် နှစ်ဘက် ကိုယ်စားလှယ်များ ရ ကြိမ်မြောက် ပြန်လည် တွေ့ဆုံမည့် ရက်ကို သတ်မှတ်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “၇ ကြိမ်မြောက် ဆွေးနွေးပွဲလုပ်ဖို့အတွက် ဘယ်နေရာမှာ လုပ်မလဲ၊ ဘာတွေ ဆွေးနွေးကြမှာလဲ ဆိုတာ လာကြို ညှိတာပေါ့နော်။ ကျွန်တော်တို့က အကြမ်းအားဖြင့် ရတာကတော့ ကျွန်တော်တို့ ပြည်ထောင်စုနေ့ ပြီးတဲ့အပတ် ရန်ကုန်မှာလုပ်ဖို့ ကျွန်တော်တို့ လုပ်ကြဖို့ ရက်တော့ အတိအကျတော့ မရဘူးပေါ့။ ပြည်ထောင်စုနေ့ တပတ်အတွင်းမှာ ရန်ကုန်မြို့မှာ ဆွေးနွေးမယ်ဆိုတာ ရသွားပြီ”ဟု မီဒီယာများကို ပြောသည်။
ထို့ပြင် ဆွေးနွေးပွဲတွင် နှစ်ဖက် ကိုယ်စားလှယ်များ အကြံပြုစာများ ပေးပို့ခဲ့ကြရာ NCCT ဘက်မှ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသည့် ပြည်နယ်ပေါ်မှာ အခြေခံသည့် စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် အဓိက အချက်တစ်ချက် အကြံပြုလိုက်သည်ဟု နိုင်ဟံသာက ပြောသည်။
“ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ သဘောတူညီတဲ့ သဘောထား လိုတယ်။ ကျွန်တော်တို့ အဆိုပြုတယ်။ UPWC သူတို့ဘက်ကတော့ သုံး၊ လေးချက်လောက် အကြံပြုထားတယ်။ အဲဒီမှာ NCAမှာ သဘောတူထားတဲ့ ကိစ္စတွေပါ။ သံဓိဌာန်ပြုဖို့၊ သဘောက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲပြီးတော့ နိုင်ငံရေးကို ဆက်လက် ဆွေးနွေးဖို့ ငြိမ်းချမ်းရေးကို ရအောင်တည်ဆောက်ဖို့ သံဓိဌာန်ပြုဖို့ ဒါကိုပဲ ရည်ညွန်းပါတယ်၊ ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးဖို့၊ အားလုံးတော ့လက်မခံနိုင်သေးဘူး။ သူ့အမြင် ကိုယ့်အမြင်ရှိသေးတာကိုး သူတို့ အကြံပြုချက်ကို ကျွန်တော်တို့ အားလုံးက ပြန်စဉ်းစားဦးမယ်လေ” ဟု နိုင်ဟံသာက ပြောသည်။
ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးရန် အစိုးရ၏ အကြံပြုသော အချက်ကို တိုင်းရင်းသား အဖွဲ့အစည်းများ အနေဖြင့် လက်မခံနိုင်သေးဘဲ တစ်ဖွဲ့ချင်း ပြန်လည် ညှိနှိုင်းဆွေးနွေးရန် လိုအပ်သည်ဟု သူက ဆိုသည်။
ယခု တွေ့ဆုံဆွေးနွေးမှုတွင် တစ်ဆို့နေသော အချက်များကို အစိုးရဘက်မှ အထိုက်အလျှောက် လျော့ပေးသည့် သဘောရှိနေသော်လည်း ပြန်လည် တွေ့ဆုံဆွေးနွေးရန် ရှိလာသဖြင့် အလားအလာ ကောင်းမွန်သည် ဟု နိုင်ဟံသာက ပြောသည်။
UPWC နှင့် NCCT တို့ ရ ကြိမ်မြောက် ဆွေးနွေးရန်၊ UPWC ဘက်မှ လာမည့် ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်ရန် တိုင်းရင်းသားအဖွဲ့အစည်း ၁၆ ဖွဲ့အား ဖိတ်စာ နှင့်အတူ လာရောက် ဖိတ်ကြားခဲ့သည်ဟု ဝန်ကြီး ဦးအောင်မင်းက မီဒီယာများကို ပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် UPWCဘက်မှ ဝန်ကြီး ဦးအောင်မင်း၊ လဝက ဝန်ကြီး ဦးခင်ရီ၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးနှင့် MPC မှ ဒေါက်တာမင်းဇော်ဦး၊ ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေနှင့် ဦးညိုအုန်းမြင့်တို့ တက်ရောက် ပါဝင်ခဲ့သလို၊ NCCT ခေါင်းဆောင်များ ဖြစ်သော နိုင်ဟံသာနှင့် ပဒိုကွယ်ထူးဝင်းတို့ အပါအဝင် ငါးဦး တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
ဖေဖော်ဝါရီ ၆ရက်တွင်းလည်း ဝန်ကြီးဦးအောင်မင်း ဦးဆောင်သည့် UPWC အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နှင့်လည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံမည်ဖြစ်သည်။