ဝှိုက်ကတ ် မဲပေးခွင့်ဖွဲဲ့စည်းပုံနှင့် ညီ မညီ အမြန်ဆုံးသိရှိရန် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး တာဝန်ရှိဟု ဆို

ဝှိုက်ကတ ် မဲပေးခွင့်ဖွဲဲ့စည်းပုံနှင့် ညီ မညီ အမြန်ဆုံးသိရှိရန် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး တာဝန်ရှိဟု ဆို
by -
မဇ္စျိမ

ယာယီသက်သေခံလက်မှတ်(White Card) ကိုင်ဆောင်ထားသူများ ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများတွင် မဲပေးခွင့်ပြုလိုက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ၊ မညီကို အမြန်ဆုံး သိရှိနိုင်ရန် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးတွင် တာဝန်ရှိသည်ဟု အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ အေးမောင်က ဆိုသည်။

''ပြည်ထောင်စုလွှတ်တော်နာယက လုပ်သင့်တာလေ မနက်ပိုင်းတောင်းရင် ညနေပိုင်း အဖြေရတာလေ။ လွှတ်တော်ဥက္ကဋ္ဌနှစ်ပါးက စေတနာသန့်သန့်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီခြင်း၊ မညီခြင်းကို မေးသင့် တယ်'' ဟုလည်း ရခိုင်အမျိုးသားပါတီ၏ ဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါက်တာအေးမောင်က ပြောသည်။

ဝှိုက်ကတ် ကိုင်ဆောင်သူများကို မဲပေးခွင့်ပြုလိုက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ညီညွတ်ခြင်း မြန်မြန် သိရှိနိုင်ရန် လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးက လက်မှတ်ရေးထိုး မေးမြန်းလျှင် နံနက်ပိုင်းမေးပါက ညနေခင်းပိုင်းတွင် အဖြေ ပြန်လည် ရရှိသည်ဟု ဆိုသည်။

''PR တုန်းက ဘာလို့သုံးခဲ့တာလဲ။ ဒီလိုအရေးကြီးတဲ့ အချိန်မှာ ဘာလို့ မသုံးတာလဲ။ ကိုယ်အတွက် အကျိုး မရှိမှာမို့လား၊ နိုင်ငံအတွက် အကျိုးမရှိမှာမို့လား။ နိုင်ငံအတွက် အကျိုးရှိမယ်ဆိုရင် ကိုယ်ရဲ့လုပ်ပိုင်ခွင့်အရ သုံးသင်တယ်''ဟု ဒေါက်တာ အေးမောင်က ဆက်ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တိုက်ရိုက်တင်သွင်းခွင့်ရှိသည်ဟု ဆိုသည်။

''၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအရ တစ်စုံတစ်ဦးသည် နိုင်ငံသား၊ ဧည့်နိုင်ငံသား နိုင်ငံသားပြုခွင့်ရသူ ဟုတ် မဟုတ် ဆုံးဖြတ်ရန် ဗဟိုအဖွဲ့သို့သာ အာဏာအပ်နှင်းထားပြီး ပြည်ထောင်စုလွှတ်တော်သို့ အာဏာအပ်နှံထားခြင်း မရှိဘူး။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်က ဥပဒေကိုချိုးဖောက်နေသလိုဖြစ်တယ်''ဟု ရခိုင်ပြည်နယ် ရှေ့နေချုပ် ဦးသာပွင့်က ပြောသည်။

နိုင်ငံရေးအင်အားစုများ ကန့်ကွက်

ဝှိုက်ကတ်ကိုင်ဆောင်သူများ မဲပေးခွင့်ရရှိမှုကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရခိုင်မျိုးဆက်သစ် နိုင်ငံရေးအင်အားစုနှင့် ရခိုင်အမျိုးသမီးကွန်ရက်အဖွဲ့တို့က ကန့်ကွက်ထုတ်ပြန်လိုက်သည်။

''နိုင်ငံတော်အတွက် ဤမျှအရေးကြီးလှသည့်၊ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲတွင် မြန်မာနိုင်ငံသား မဖြစ်သေးသူများကို မြန်မာနိုင်ငံသားများနည်းတူ ပါဝင်မဲပေးခွင့် မရရှိသင့်ဟု ကျွနု်ပ်တို့က ရိုးသားစွာ ယုံကြည်သည်'' ဟု အမျိုးသားဒီမိုကရေစီအင်အားစု NDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထို့အတူ ရခိုင်တိုင်းရင်းသားအင်အားစုများဖြစ်သော ရခိုင်မျိုးဆက်သစ်နိုင်ငံရေး အင်အားစု၊ ရခိုင်အမျိုးသမီး ကွန်ရက်တို့က ကန့်ကွက်ထုတ်ပြန်သွားပြီး အဖွဲ့အစည်းများနှင့် ပြည်သူများ ချိတ်ဆက်ကန့်ကွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

ရခိုင်မျိုးဆက်သစ် နိုင်ငံရေးအင်အားစု၏ ထုတ်ပြန်ချက်တွင် နိုင်ငံသားဖြစ်ခွင့်မရှိသူများကို မဲထည့်ခွင့်ပြုခြင်းသည် နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်များနှင့် မကိုက်ညီပေ။ ထို့ကြောင့် ယာယီသက်သေခံ ကတ် ကိုင်ဆောင်ထားသူများအား မဲပေးခွင့်ပြုရာတွင် နိုင်ငံသားအဖြစ် တရားဝင်အသိအမှတ်ပြုခံရသော ယာယီသက်သေခံကတ်ပြား ကိုင်ဆောင်သူများကိုသာ မဲပေးခွင့်ပြုသင့်သည်ဟု ထုတ်ပြန်ထားသည်။

ဝှိုက်ကတ်ကိုင်ဆောင်ထားသူများ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများတွင် မဲပေးခွင့်ကို ဖေဖော်ဝါရီ ၂ရက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုခဲ့ခြင်း ဖြစ်သည်။

Most read this week