အံဒင်ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေးစက်ရုံ ပညာပေး DVD အခမဲ့ထုတ်ဝေဖြန့်ချိ

အံဒင်ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေးစက်ရုံ ပညာပေး DVD အခမဲ့ထုတ်ဝေဖြန့်ချိ
by -
မွန်အေဂျင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဖာလိန်ဒေသတွင် ဆောက်လုပ်ရန် လျာထားသည့် အံဒင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံအား ဆန့်ကျင်သည့်အကြောင်း ရိုက်ကူးထားသော “နိဒါန်း” အမည်ရှိ ပညာပေး DVD ရုပ်ရှင်မှတ်တမ်းခွေကို မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (Human Rights Foundation of Monland) က အခမဲ့ ထုတ်ဝေဖြန့်ချိလျက် ရှိသည်။

အဆိုပါ မွန်စကားပြော ဗမာစာတမ်းထိုးဖြစ်သည့် “နိဒါန်း” မှတ်တမ်း DVD ကို မွန်ပြည်လူ့အခွင့် အရေး ဖောင်ဒေးရှင်း HURFOM မှ နိုင်စဝေါမွန်က စီစဉ်ပြီး Mon Multi-Media Institute မှ ဒါရိုက်တာ မင်းသန်းဦးက ရိုက်ကူးထားခြင်း ဖြစ်သည်။

IMNA040201

စီစဉ်သူ နိုင်စဝေါမွန်က “videoက ၃၈ မိနစ် လောက်ကြာမယ်၊ ဝန်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်တွေ ကုမ္ပဏီ တာဝန်ရှိတဲ့လူတွေ ဒေသခံပြည်သူတွေကို ဘယ်လိုစည်းရုံးတယ် ဆိုတာပါမယ်၊ အဲဒီဒေသကလူတွေရဲ့ အမြင်တွေနဲ့ ထိုင်းနိုင်ငံ ဂျပန်နိုင်ငံသို့ ကျောက်မီးသွေး စက်ရုံအကြောင်း သွားရောက်လေ့လာခဲ့တဲ့လူတွေရဲ့ အမြင်တွေ ပါရှိတယ်” ဟု ဆိုသည်။

ယင်း DVD ၏ အဆုံးသတ်တွင် ဒေသခံလူများ စိတ်သဘောထားကွဲပြားကြပြီး ပဋိပက္ခဖြစ်မှုများနှင့် စီမံကိန်းရပ်ဆိုင်းရန် အစိုးရအမိန့်ထုတ်ပြန်သည်အထိ ဗီဒီယိုတွင် ထည့်သွင်း ဖော်ပြထားကြောင်း နိုင်စဝေါမွန်က ပြောသည်။

အဆိုပါ "နိဒါန်း" DVD ဖြန့်ချိမှုနှင့် ပတ်သက်၍ မွန်ပြည်နယ် လျှပ်စစ်စွမ်းအားဌာနဝန်ကြီး နိုင်လဝီအောင်က ဒါရိုက်တာနှင့် စီစဉ်သူနှစ်ဦးကို ပြီးခဲ့သည့်ဇန်နဝါရီ (၃၀) ရက်နေ့ည၌ ခေါ်ယူတွေ့ဆုံခဲ့ရာ မီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် အမှားအယွင်း အတိမ်းအစောင်းမရှိစေရန် သတိပေးခဲ့သည်ဟု IMNA က စုံစမ်းသိရှိရသည်။

“နိဒါန်း” မှတ်တမ်း ရုပ်ရှင်ထုတ်ဝေရသည့် ရည်ရွယ်ချက်မှာ “နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကြောင့် ဒေသတွင်း လူမှုရေးပြဿနာများ၊ ပြည်သူလူထု အမြင်ကွဲပြားမှုများ၊ ထိုအမြင်ကွဲပြားမှုကြောင့် ဒေသတွင်း စည်းလုံးညီညွတ်မှု ပျက်ပြားလာခြင်း၊ နည်းမျိုးစုံဖြင့် နိုင်ငံခြားမှ ရင်းနှီးမြှပ်နှံမှုများ ဝင်ရောက်နိုင်မှုကို ပြည်သူများ သတိပြုလာစေရန်၊ တစ်နည်းအားဖြင့် မွန်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိန််းသိမ်းရေးနှင့် မွန်ဒေသရှိ တတိယ မျိုးဆက်အခွင့်အရေး (Third Generation Rights) အတွက် ကာကွယ်သွားရန်ရည်ရွယ်၍ အဆိုပါကျောက်မီးသွေးစက်ရုံ စီမံကိန်းအား ဆန့်ကျင်သင့်သည်ဟု ယူဆ၍ DVD ရိုက်ကူးတင်ဆက်ရခြင်းဖြစ်ကြောင်း နိုင်စဝေါမွန်က ပြောသည်။

အလားတူ အံဒင်ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်း “နိဒါန်း” မှတ်တမ်းရုပ်ရှင်နှင့် ပတ်သက်၍ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း HURFOM ဒါရိုက်တာ နိုင်ကဆော့မွန်၏ လူမှုကွန်ယက် စာမျက်နှာတွင်လည်း အချက် (၇) ချက်ပါ သဘောထားမှတ်ချက်တစ်ခုကို ရေးသားထားသည်။

Toyo Thai Company ၏ ၁၂၈၀ မီဂါဝပ် ကျောက်မီသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံတည်ဆောက်ခြင်းကြောင့် ဒေသခံပြည်သူများ၏ အခြေအနေမှာ ရုတ်ခြည်းပြောင်းလဲမှု ဖြစ်နိုင်ကြောင်း၊ စီမံကိန်းလက်ခံသူနှင့် လက်မခံသူများအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်စေကြောင်း၊ ထွက်ရှိလာမည့် စွမ်းအင်များကို နိုင်ငံခြားသို့ ရောင်းချရန်အတွက် ရည်ရွယ်ထား ကြောင်း၊ ခေတ်အဆက်ဆက် အစိုးရများသည် နိူင်ငံအတွင်းရှိ သယံဇာတများကို ပြည်သူ့ အကျိုးအတွက် အသုံးမပြုဘဲ နိုင်ငံခြားသို့ ရောင်းချခြင်း၊ ယခုစီမံကိန်းသည် စွမ်းအင်ဝန်ကြီးဌာန၏ မှားယွင်းသည့် “စွမ်းအင်ဆိုင်ရာ မူဝါဒ” များပင်ဖြစ် ကြောင်း ဖော်ပြထားသည်။

နိဒါန်း မှတ်တမ်း DVD ရုပ်ရှင် သတင်းစာရှင်းလင်းပွဲနှင့် ဗီဒီယိုပြပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ကောင်းမြတ်ဟိုတယ်တွင် ကျင်းပခဲ့ပြီး CSO, CBO, သံဃာတော်များ၊ အံဒင်ဒေသခံများ၊ ရေးမြို့မှ အဖွဲ့အစည်းများ၊ စက်ရုံကွန့်ကွက်ဆန္ဒပြသူများနှင့် ထောက်ခံသူများ စုစုပေါင်း လူဦးရေရ၀ခန့် တက်ရောက် ကြည့်ရှုခဲ့သည်။

နိဒါန်း DVD မှတ်တမ်းရုပ်ရှင်အဖုံး(COPY)