MKO အမှုဆောင်အသစ်များ ပြန်လည်ရွေးချယ်ခန့်အပ်

MKO အမှုဆောင်အသစ်များ ပြန်လည်ရွေးချယ်ခန့်အပ်
by -
ကေအိုင်စီ

မလေးရှား ကရင်အဖွဲ့အစည်း(MKO)၏ အမှုဆောင်အသစ်များကို ဖေဖော်ဝါရီ ၁ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ MKO ရုံး၌ ပြန်လည်ရွေးချယ်သည့် အခမ်းအနားတရပ်ပြုလုပ်ခဲ့သည်။

MKOတွင် အမှုဆောင်အဖွဲ့ဝင် ၁၆ဦးရှိပြီး အမှုဆောင်အသစ်များဖြစ်သည့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို အဖွဲ့ဝင် (၁၀၀)ကျော်က မဲပေးရွေးချယ်ခဲ့ကြပြီးနောက် လာမည့် ဖေဖော်ဝါရီ ရရက်နေ့တွင် ကျန်ရှိနေသေးသည့် အမှုဆောင်အဖွဲ့ဝင်များကို ဆက်လက် ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

KIC040201

ယင်းရွေးချယ်ပွဲမှ ဥက္ကဋ္ဌအဖြစ် စောစံထူး၊ ဒု-ဥက္ကဌ စောဖား၊ အတွင်းရေးမှူး စောထွန်းဝင်း၊ တွဲဖက်အတွင်း ရေးမှူး စောကျော်မင်းနိုင်တို့ကို အသီးသီး ရွေးချယ်ခန့်အပ်ခဲ့ကြသည်။

ဥက္ကဌဖြစ်လာသူ စောစံထူးက “ဘယ်သူ့ကိုပဲ ရွေးရွေး အဓိကကတော့ ကိုယ့်ကရင်တွေ စည်းစည်းလုံးလုံးနဲ့ အဆင်ပြေဖို့ပါ။     ဒီ ရွေးချယ်မှုအပြီး လာမည့် တနင်္ဂနွေနေ့မှာ အစည်းအဝေးတစ်ရပ် ခေါ်ယူပြီး တာဝန် အသီးသီးခွဲဝေမှုပြီးမှ ရှေ့ဆက်လုပ်ဆောင် သွားမယ့် လုပ်ငန်းတွေကို စီစဉ်ဆောင်ရွက်သွားမယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို ပြန်လည်ရွေးချယ်နိုင်ခဲ့ခြင်းအပေါ် အနားယူသွားသည့် MKO ဥက္ကဌဟောင်း မန်းဒုံယောင်းက “ကျနော်တို့ရဲ့ အမှုဆောင်အသစ်တွေကို ပြန်လည်ရွေးချယ်နိုင်တာ ကျေနပ်မိတယ်။ လိုအပ်မယ်ဆိုရင် သူတို့ကို တတ်စွမ်းသမျှ ကူညီညွှန်ပြ ပေးသွားမှာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

KIC040202

မလေးရှားနိုင်ငံ အခြေစိုက် MKO သည် မလေးရှားနိုင်ငံရှိ ကရင်ဒုက္ခသည်အရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများကို အဓိကထား လုပ်ဆောင်နေပြီး ၂၀၀၈ခုနှစ်မှ စတင်ကာ Learning Center တစ်ခု ဖွင့်လှစ်၍ အင်္ဂလိပ်စာ၊ ကရင်စာ (စကော၊ အရှေ့ပိုး၊ အနောက်ပိုး)၊ ကွန်ပြူတာသင်တန်းများကို သင်ကြားပို့ချပေးလျှက်ရှိသည်။

ထို့အပြင် MKO သည် ကျန်းမာရေးစောင့်ရှောက်မှုများအဖြစ် ဆေးဝါးအခမဲ့ပေးခြင်း၊ ဆေးဝါး ကုသပေးခြင်းများနှင့် မလေးရှားရောက် ကရင်ဒုက္ခသည်များအတွက် တတိယနိုင်ငံ ထွက်ခွာနိုင်ရန် ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၊ အစိုးရမဟုတ်သော အဖွဲ့အစည်း(NGO)တို့နှင့်အတူ ပူးပေါင်းကာ စီစဉ်ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

မလေးရှားရောက် ကရင်တိုင်းရင်းသားများ အရေးအတွက် လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ Malaysia Karen Organization (MKO)ကို ၂၀၀၅ခုနှစ်၊ ဇန်နဝါရီ ၃၁ရက်    (ကရင့်တော် လှန်ရေး) နေ့တွင် အတည်ပြု ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Most read this week