လက်ပံတောင်း ပဋိပက္ခအတွင်း သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်းအတွက် အမှုဖွင့်ခွင့်ရရန် တရားလွှတ်တော်ချုပ်ထံ စာချွန်တော်တင်သွင်းမည်

လက်ပံတောင်း ပဋိပက္ခအတွင်း သေဆုံးခဲ့သည့် ဒေါ်ခင်ဝင်းအတွက် အမှုဖွင့်ခွင့်ရရန် တရားလွှတ်တော်ချုပ်ထံ စာချွန်တော်တင်သွင်းမည်
by -
မဇ္စျိမ

ရန်ကုန် (မဇ္ဈိမ)။ ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာတွင် ဒီဇင်ဘာလ ၂၂ ရက်က သေနတ်ထိ မှန် သေဆုံးခဲ့ရသည့် ဒေသခံ ဒေါ်ခင်ဝင်း သေဆုံးမှုနှင့် ပတ်သက်ပြီး မိသားစုမှ တရားလိုပြု တရားစွဲဆိုခွင့် ရရှိရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ဖေဖော်ဝါရီလလယ်တွင် အမှုခေါ်စာချွန်တော် တင်မည်ဟု အဆိုပါအမှုကို အကျိုးဆောင်ပေးလျှက်ရှိသည့် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက မဇ္ဈိမကို ပြောသည်။

ဆားလင်းကြီးမြို့နယ် ရဲစခန်းနှင့် မြို့နယ်တရားရုံးတို့က မိသားစုက တရားလိုပြု အမှုဖွင့်သည့် အပေါ် ပယ်ချခဲ့သဖြင့် နိုင်ငံသားအခွင့်အရေး ဖြစ်သည့် စာချွန်တော်တင်မှုကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

Lappataung-1

ဒေါ်ခင်ဝင်း သေဆုံးမှုနှင့် ပတ်သက်၍ ဆားလင်းကြီး ပြည်သူ့ဆေးရုံကြီး၌ ဒီဇင်ဘာ ၂၄ရက်၊ နံနက် ၁၀နာရီက ရင်ခွဲစစ်ဆေးရာ သေနတ်ဒဏ်ရာဖြင့် သေဆုံးကြောင်း မုံရွာဆေးရုံအုပ်ကြီးက အတည်ပြုခဲ့ပြီးလည်း ဖြစ်သည်။

ဦးသိန်းသန်းဦးက “အခု လက်ပံတောင်းကိစ္စအတွက်က အဆင်သင့်ဖြစ်ပြီ။ လူသတ်မှုဖွင့်တာကို ရဲစခန်းက လက်မခံဘူး။ ဆားလင်းကြီးမြို့နယ် တရားရုံးကလည်း ဒီကိစ္စကို ဆိုင်းငံထားပါဦး ဘာဖြစ်လို့လဲဆိုတော့ စစ်ကိုင်းတိုင်းဒေသကြီး အစိုရအဖွဲ့က စုံစမ်းနေပါတယ်လို့ တားထားတယ်။ အဲ့ဒါကြောင့် စောင့်နေတာ ပါ။  ပြည်ထောင်စု တရားလွတ်တော် ရုံးကို  စာချွန်တော် တင်မှာပါ။ ကျမ်းကျိန်လွှာနဲ့ စာတမ်းတစ်ချို့ လိုနေလို့ပါ ၁၅ရက်လောက် တင်ဖြစ်အောင် ကြိုးစားနေပါတယ်”ဟုပြောသည်။

ဒေါ်ခင်ဝင်း၏ ရုပ်အလောင်းကိုလည်း ဒီဇင်ဘာလ ၂၄ ရက် ညနေပိုင်းတွင် သင်္ဂြိုလ်ခဲ့ပြီး ဒေသခံရာချီ တက်ရောက်ခဲ့ပြီး ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားရာ ရဲစခန်းက ၄/၂၄ သေမှု သေခင်းဖြင့် ဒီဇင်ဘာလ ၂၃ရက်က အမှုကို လက်ခံခဲ့ခြင်းဖြစ်ပြီး ဒေါ်ခင်ဝင်းကို သေနတ်ဖြင့် ပစ်သတ်သူထက် ပစ်ခတ်ရန် အမိန့်ပေးသူများကို တရားခံအဖြစ် အရေးယူပေးရန် ဇန်နဝါရီ ၁၉ ရက်က ဆားလင်းကြီးမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုကိုလည်း  တရားရုံးက ပယ်ချခဲ့ခြင်း ဖြစ်သည်။

ဒေါ်ခင်ဝင်း သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေးနှင့် သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရ ရှိရေး ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က စတင်၍ ဆည်တည်းရွာအနီး သပိတ်စခန်း ဖွင့်လှစ်ထားခဲ့သော်လည်း သက်ဆိုင်ရာမှ တစ်စုံတစ်ရာ လာရောက်ဖြေရှင်းမှုမရှိသေးဟု ဒေသခံများက ပြောသည်။

ဒေသခံ ကိုအောင်သူက “ဒေါ်ခင်ဝင်းသေဆုံးမှုအမှုမှန်ပေါ်ပေါက်ရေးအပါအဝင် လယ်ယာမြေ ပြန်ရဖို့ သပိတ်စခန်း ဖွင့်လှစ်ခဲ့တာပါ။ စဖွင့်တုန်းက ၁၀၀လောက်ရှိပေမယ့် ခုတော့ လူဦးရေ ၂၀လောက်ပဲ ရှိတော့တယ်။ လယ်လုပ်ချိန် ရောက်နေပြီဆိုတော့လေ။ ခုထိတော့ သက်ဆိုင်ရာက တစ်စုံတစ်ရာ လာရောက် လုပ်ဆောင်ပေးတာ မရှိသေးပါဘူး” ဟုပြောသည်။

ဇန်နဝါရီလ ၂၉ ရက်ကလည်း လက်ပံတောင်းတောင် ဒေသခံ ၁၀၀ ကျော်က ဒေါ်ခင်ဝင်း အမှုမှန် ပေါ်ပေါက်ရေးနှင့် မီးလောင်ဗုံးဖြင့် ဖြိုခွင်းခံရမှု ၂၆ လပြည့် အထိမ်းအမှတ် ဆန္ဒပြမှုကို ဒေါ်ခင်ဝင်း၏ နေအိမ်တွင် ပြုလုပ်ခဲ့ကြသေးသည်။

တိုင်းနယ်/လုံဝန်ကြီးအပါအဝင် ခရိုင်မှူး၊ မြို့နယ်ရဲမှူး၊ ဝမ်ပေါင်၊ ဦးပိုင်ကုမ္ပဏီတို့ ရှေ့တွင် လုံခြံုရေးရဲတပ်ဖွဲ့မှ ပစ်ခတ်မှုဖြင့် သေနတ်ထိမှန် သေဆုံးခဲ့ရသည့် ဒေါ်ခင်ဝင်းသေဆုံးမှုနှင့် ပတ်သက်၍ အရေးယူပေးရန် ဦးတိုက်လျှောက်ထားမှုကို ဆားလင်းကြီးမြို့နယ် ရဲစခန်းနှင့် မြို့နယ်တရားရုံးတို့က ပယ်ချခဲ့သဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံသို့ အမှုခေါ်စာချွန်တော် ဖေဖော်ဝါရီ ပထမပတ် အတွင်း တင်ပြသွားမည် ဖြစ်ကြောင်းလည်း အဆိုပါ အရေးအား လိုက်ပါဆောင်ရွက်ပေးလျှက်ရှိသည့် မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက မဇ္ဈိမသို့ ပြောကြားဖူးသည်။

မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ ဒေါ်ခင်ဝင်းသေဆုံးမှုနှင့် ဒဏ်ရာရရှိသူ ဒေသခံ ၁၀ ဦး အတွက် ဒီဇင်ဘာ ၄ ရက်က အမှုဖွင့်ရန် စတင် ကူညီဆောင်ရွက်ပေးလျှက်ရှိသည်။