တနင်္သာရီတိုင်းဒေသကြီးရှိ မွန်တိုင်းရင်းသား လေးသောင်းနီးပါး မှတ်ပုံတင်မရှိသေး

တနင်္သာရီတိုင်းဒေသကြီးရှိ မွန်တိုင်းရင်းသား လေးသောင်းနီးပါး မှတ်ပုံတင်မရှိသေး
by -
မွန်အေဂျင်စီ

လွန်ခဲ့သည့် လပိုင်းများတွင် ကောက်ခံရရှိထားသော စာရင်းအရ တနင်္သာရီတိုင်းဒေသကြီးအတွင်း မွန်တိုင်းရင်းသား ခြောက်သောင်း ကျော်ရှိသည့် အနက် လေးသောင်းနီးပါး (၃၉၅၈၂ ဦး)မှာ နိုင်ငံသားစိစစ်ရေးကဒ်ပြား (အမျိုးသားမှတ်ပုံတင်) မရှိသူများ ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂ရက်နေ့ မွန်းလွဲ ၁နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇောတိကရာမ ဘုန်းတော်ကြီး ကျောင်း၌ ပြုလုပ်သော မွန်လူဦးရေ စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ၏ သတင်းစာရှင်းလင်းပွဲတွင် ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ မင်းကျော်ခိုင်ဝင်းက ပြောသည်။

အဆိုပါ တနင်္သာရီတိုင်းရှိ မွန်တိုင်းရင်းသားများ နိုင်ငံသားစိစစ်ရေးကဒ်ပြားရရှိနိုင်ရန် တနင်္သာရီတိုင်းဒေသကြီး မွန်လူဦးရေ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်သည့်အစိုးရဌာနများသို့ စာတင်ထားကြောင်း ၎င်းက ပြောသည်။

မင်းကျော်ခိုင်ဝင်းက “သူတို့(အစိုးရ) မှာလည်း မိုးပွင့်စီမံကိန်းရှိတယ်လို့ သိရတယ်၊ မှတ်ပုံတင် လုပ်ပေးမယ်လို့ ယူဆတယ်” ဟု ဆိုသည်။

အဆိုပါ မွန်လူဦးရေးစာရင်းသည် တနင်္သာရီတိုင်းဒေသကြီးရှိ မွန်တိုင်းရင်းသားများနေထိုင်ရာ ရပ်ကျေးအုပ်စု ၁၈၁ ခုအား ကောက်ယူနိုင်ခဲ့သော်လည်း နယ်မြေမလုံခြုံမှုနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကျေးရွာပေါင်း ၂၀ ကျော် စာရင်းကောက်ယူရန် ကျန်ရှိသေးကြောင်း သိရသည်။

ထို့အပြင် မင်းကျော်ခိုင်ဝင်းက “ဖွဲ့စည်းပုံ အခြေခံဥပဒေ ၁၆၁ (ခ) အရ မြန်မာနိုင်ငံလူဦးရေ စုစုပေါင်းရဲ့ ၀.၁ ရဲ့အထက် ရှိမယ် ဆိုရင် တိုင်းရင်းသားရေးရာဝန်ကြီး တစ်ဦးရနိုင်တယ်လို့ ဆိုထားတယ်၊ အခု တနင်္သာရီတိုင်းမှာ မွန်လူဦးရေ ၆ သောင်းကျော် တယ်ဆိုတော့ မွန်ရေးရာဝန်ကြီး တစ်ပါးရလိမ့်မယ်”ဟု ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးတွင်  မွန်တိုင်းရင်းသား စုစုပေါင်းလူဦးရေ ၆၂၃၆၆ဦး ရှိသော်လည်း  ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကာလ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်း လူဦးရေ ၆ သောင်းမပြည့်ဟုဆိုကာ အစိုးရက မွန်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ မသတ်မှတ်ခဲ့ပေ။

တနသာင်္ရီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် မွန်တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်ပါးရှိပါက ဒေသတွင်းရှိ မွန်လူမျိူးများအတွက် များစွာ အကျိူးသက်ရောက်နိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နေ မင်းချမ်းလွန်က ပြောသည်။

သူက “ကျွန်တော်တို့ ဒေသက မွန်တချို့ဆို ဒုက္ခသည်တွေလိုဘဲ နေနေရတယ်၊ မွန်ဝန်ကြီး ရှိရင်တော့ မှတ်ပုံတင်ကအစ သန်းခေါင်စာရင်းတွေပါ အကုန်အဆင်ပြေမယ်၊ ပြီးတော့ စာပေယဉ်ကျေးမှု လုပ်ငန်းတွေလည်း ကျယ်ပြန့်လာသလို ဒေသ ဖွံ့ဖြိုးရေးတွေကိုလည်း ပိုပြီးအကောင်အထည်ဖေါ်နိုင်မှာပါ” ဟု ပြောသည်။

အဆိုပါ မွန်လူဦးရေ စာရင်းကောက်ယူရေးလုပ်ငန်းသည် အရပ်ဖက်လူမှုအဖွဲ့အစည်းများဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင် စတင်ကောက်ယူခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် ထွက်ပေါ်လာသော ရလာဒ် ဖြစ်သည်။

အလားတူ မွန်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ မသတ်မှတ်ရသေးသော ရန်ကုန်တိုင်းဒေသကြီးတွင်လည်း မွန်တိုင်းရင်းသား လူဦးရေစာရင်း ကောက်ခံထားပြီး ဖြစ်သည်။