မွန်ပြည်နယ်အတွင်း တုပ်ကွေးရောဂါ ဖြစ်ပွားသူ များပြားလာ

မွန်ပြည်နယ်အတွင်း တုပ်ကွေးရောဂါ ဖြစ်ပွားသူ များပြားလာ
by -
ရိုင်မရော့
မွန်ပြည်နယ်အတွင်း ဇွန်လမှာ တုပ်ကွေးရောဂါဖြစ်ပွားသူ များပြားလာသလို ၄င်းရောဂါဖြစ်ပွားသူမှာ ယမန်နှစ်နှင့်မတူ ထူးခြားသည့် လက္ခဏာလည်း ဖြစ်နေသည်ဟု ဆရာဝန်တစ်ဦး၏ ပြောပြချက်အရ သိရ ...

မွန်ပြည်နယ်အတွင်း ဇွန်လမှာ တုပ်ကွေးရောဂါဖြစ်ပွားသူ များပြားလာသလို ၄င်းရောဂါဖြစ်ပွားသူမှာ ယမန်နှစ်နှင့်မတူ ထူးခြားသည့် လက္ခဏာလည်း ဖြစ်နေသည်ဟု ဆရာဝန်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ဆေးခန်းမှာဆိုရင် လူတွေတိုးနေတာပဲ၊ အယောက် (၄၀) လောက်က အမြဲတမ်းစောင့်နေရတယ်၊ ဆေးရုံတွေမှာလည်း လူနာတွေ နေဖို့နေရာတောင် မလုံလောက်ဘူး” ဟု မုဒုံမြို့တွင် ဆေးခန်းဖွင့်ထားသူ ဆရာဝန်တစ်ဦးက ပြောသည်။

ကလေးများမှာသာမက လူကြီးများလည်း ၄င်းရောဂါ ဖြစ်ပွားနေသည်။ ရောဂါဖြစ်ပွားသူများမှာ (၃၊ ၄) ရက် အဖျားတက်ပြီး၊ ကိုယ်လက်နာကျင် ကိုက်ခဲပြီး ကိုယ်ခန္ဓာတွင် အဖုများ ထွက်ပေါ်နေသည်။ အချို့သူများမှာ အဖျားမတက်ခင်ကပင် အဖုများ ထွက်နေပြီးဖြစ်သည်။

“ယခုလို မိုးရာသီမှာ မနှစ်ကလည်း တုတ်ကွေး ဖြစ်တဲ့သူများတာပဲ၊ ဒီနှစ်လည်း များတာပဲ၊ ဒါပေမယ့် ထူးခြားတာတစ်ခုကတော့ ဒီနှစ် ရောဂါဖြစ်တဲ့သူတွေမှာ ခါတိုင်းနှစ်က ဖြစ်တဲ့လက္ခဏာနဲ့ မတူဘူး၊ ထူးခြားတာက အဖျားတက်ပြီး အဖုပါထွက်နေတယ်” ဟု ၄င်းဆရာဝန်က ပြောသည်။

ယခင်တိုင်းနှစ်များ၌ တုပ်ကွေးရောဂါဖြစ်ပွားသူတို့၏ လက္ခဏာမှာ အဖျားတက်ပြီး၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်းနှင့် နှာစေးခြင်းအစရှိသည့် လက္ခဏာများသာဖြစ်ပေါ်တက်သည်။

မုဒုံမြိုနယ်အတွင်းမှာသာမက မော်လမြိုင်မြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်နှင့် အခြားဒေသများဖြစ်သည့် ကရင်ပြည်နယ်ဘက်တွင်လည်း ၄င်းရောဂါ ဖြစ်ပွားလျှက်ရှိသည်။

“ကျမတို့ အိမ်မှာတောင် တုပ်ကွေးတစ်ယောက်ဖြစ်နေတယ်၊ အဖုတော့မထွက်သေးဘူး၊ အဖျားတက်တယ်၊ ကိုယ်လက်တွေ ကိုက်တယ်၊ အဲဒီလောက်ပဲ ဖြစ်နေတယ်၊ အိမ်တိုင်းလိုလို ဖြစ်နေတယ်လို့တောင် ပြောလို့ရတယ်” ဟု မုဒုံမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဇွန်လအတွင်း တုပ်ကွေးရောဂါဖြစ်ပွားသူ များပြားနေသည့်အတွက် မော်လမြိုင်ဆေးရုံကြီးတွင် လူနာများဖြင့် ပြည့်ကြပ်နေပြီး၊ လူနာနေထိုင်ရာ ကုတင် အလုံအလောက်ပင်မရှိဟု ၄င်းဆေးရုံတွင် သွားရောက်ဆေးကုသခဲ့သူတို့က ပြောသည်။

“လူအတော်များများက ဖျားနေကြတယ်၊ တုပ်ကွေးပေါ့၊ ကိုယ်လက်တွေ ကိုက်ခဲတယ်၊ အဖျားတက်တယ်၊ အဲဒီလိုပေါ့၊ အသေအပျောက်တော့ မနှစ်ကလို မများပေမယ့်လည်း၊ သံဖြူဇရပ်ဘက်မှာတော့ ခလေးတွေ သေတာတော့ရှိတယ်” ဟု သံဖြူဇရပ်မြို့နယ်သားတစ်ဦးက ပြောသည်။

တုပ်ကွေးရောဂါဖြစ်ပွားခံစားရသူများအနက် ကလေးများပင် ဆေးရုံ၊ ဆေးခန်းရောက်ရှိကြပြီး၊ အင်အားတောင့်တင်းခံနိုင်ရန်ရှိသည့် လူကြီးများမှာ ကျေးရွာအတွင်းရှိ ဆရာဝန်များနှင့် ကုသရင်း ပျောက်သွားခဲ့သည်က များသည်။

နယ်စပ်ဒေသဖြစ်သည့် ဘုရားသုံးဆူဒေသတဝိုက်တွင်လည်း တုပ်ကွေးရောဂါ ဖြစ်ပွားသူ များပြားလာသည်ဟု ဒေသခံတို့က ပြောဆိုနေကြသည်။

Most read this week