ရေနံချောင်းမြို့သို့ ရောက်ရှိနေသည့် မန္တလေး ကျောင်းသား သပိတ်စစ်ကြောင်းမှာ လေးပွင့်ဆိုင် တွေ့ဆုံရေး အပေါ် သံသယရှိသည့်အတွက် ရပ်နားမထားဘဲ ဖေဖော်ဝါရီ ၂ ရက်မှစတင်ကာ ရေနံချောင်းမြို့မှ မကွေးမြို့သို့ သပိတ်စတင် ထွက်ခွာမည်ဖြစ်ကြောင်း မန္တလေးကျောင်းသား သပိတ်ကြောင်းမှ ပြန်ကြားရေးကော် မတီမှ ကိုရဲရင့်ကျော်က ပြောသည်။
''ကျွန်တော်တို့ ဒီနေ့ (ဖေဖော်ဝါရီ ၁ ရက်) တွေ့ဆုံပွဲကို သံသယကြီးစွာနဲ့ စောင့်ကြည့်နေပါတယ်။ ကျောင်း သားပြည်သူ ထောက်ခံမှုများ လာတဲ့အခါမှာ သူတို့ဘက်က ကျွန်တော်တို့ရဲ့ ကတိတွေ ချိုးဖောက်လာအောင် ဖိအားအမျိုးမျိုးပေးတယ်။ တွေ့ဆုံဆွေးနွေးမှုအဖြေကလည်း မထွက်လာတော့ မနက်ဖြန် (ဖေဖော် ဝါရီ ၂ ရက်) ကစပြီး ဘယ်အခြေကိုမှ မစောင့်တော့ဘဲ နံနက် ၉ နာရီကစပြီး မကွေးကို ချီတက်ပါမယ်'' ဟု ၎င်းက ပြောသည်။
မန္တလေး ကျောင်းသား သပိတ်စစ်ကြောင်းသည် ချောက်မြို့သို့ ဇန်နဝါရီ ၃ဝ ရက်ကရောက်ရှိပြီး ထန်းခြောက်ပင်ကျေးရွာရှိ ထန်းခြောက်ပင်ကျောင်းတွင် တည်းခိုကာ သပိတ်ရပ်နားထားသော်လည်း ထန်းခြောက်ပင် ကျောင်းတိုက်က ဒေသအာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် ဆက်လက်တည်းခိုရန် ခွင့်မပြုတော့သဖြင့် ဖေဖော်ဝါရီ ၁ ရက် နေ့လယ် ၁၁ နာရီခွဲတွင် အဆိုပါကျောင်းတိုက်မှ ရေနံချောင်းမြို့၊ မဟာဓမ္မိကာရာမ စပ္ပါယ်ရုံကျောင်းတိုက်သို့ ပြောင်းရွှေ့ခဲ့ရသည်ဟု ကိုရဲရင့်ကျော်က ဆိုသည်။
''ကျွန်တော်တို့က ကတိပေးထားတဲ့အတိုင်း သပိတ်ကြောင်း ရပ်နားထားချင်ပေမယ့်လည်း တည်းနေ တဲ့ ကျောင်းက လက်မခံဘူးဆိုတော့ ကျွန်တော်တို့ နေရာရွှေ့ခဲ့တယ်။ အဲ့လိုရွှေ့တဲ့အခါမှာလည်းလမ်းလျှောက် သွားလို့ရပေမယ့် သူတို့ဆင်ထားတဲ့ ထောင်ချောက်ထဲမဝင်အောင်လို့ ကားခြောက်စီးနဲ့ ရေနံချောင်း ကို ရွှေ့ခဲ့တယ်'' ဟု ၎င်းက ပြောသည်။
သပိတ်ကြောင်းသည် ချောက်မြို့နယ်၊ ဆည်ပေါက်ကံအုပ်စု၊ ထန်းခြောက်ပင်ကျေးရွာရှိ ထန်းခြောက်ပင် ကျောင်းတိုက်တွင် ဖေဖေါ်ဝါရီ ၁ ရက်အထိ နားခိုရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။
ထန်းခြောက်ပင်ဆရာတော် ဦးကုသလက ''ဖိအားပေးတာ မပေးတာတော့ မပြောချင်ဘူး။ ဘုန်းကြီးဆရာ ရဲ့စကားကို မလွန်ဆန်ရဲလို့ပါ'' ဟု မိန့်ကြားသည်။
ဗကသများ အဖွဲ့ချုပ်မှ ကိုကျော်ကိုကိုက ''တစ်ဖက်မှာ အာဏာပိုင်တွေက ဖိအားပေးတယ်။ ကျွန်တော်တို့ စိတ်ကိုဆွပြီး လမ်းပေါ်တက်လာအောင်လုပ်တယ်။ လမ်းပေါ်တက်လာရင် ကျွန်တော်တို့ အလွန်ဖြစ်မယ်'' ဟု ၎င်းက ပြောသည်။
အဆိုပါ သပိတ်ကြောင်းသည် ရေနံချောင်းမြို့သို့ ဖေဖော်ဝါရီ ၁ ရက်က ညနေ ၃ နာရီတွင် စတင်ရောက် ရှိခဲ့ပြီး မြို့ကိုပတ်ကာ ညနေ ၅ နာရီတွင် ရေနံချောင်းမြို့ မီးသတ်ရုံးရှေ့တွင် သပိတ်အဖွဲ့မှ ကိုးဦးက ပညာရေးနှင့် ပတ်သက်ပြီး ဒေသခံပြည်သူလူထုကို ဟောပြောခဲ့သည်။