ALP မှ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဆန်နှင့် လူအသုံးအဆောင် ပစ္စည်းများလှူဒါန်း

ALP မှ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဆန်နှင့် လူအသုံးအဆောင် ပစ္စည်းများလှူဒါန်း
by -
နိရဥ္စရာ

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဒီပါရုံကျေးရွာ၌ (solar) ဆိုလာပြား၊ ဆန်၊ ဆီနှင့် ခြင်ထောင်များကို ဇန်နဝါရီလ ၂၅ ရက်နေ့က ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

“ALP ရခိုင်ပြည်လွတ်မြောက်ရေးပါတီက နေပြီးတော့ ဆိုလာပြား ၈၀၊ ဆန်အိပ် ၈၀၊ ဆီ ပုလင်း ၈၀၊ ခြင်ထောင် အလုံး ၈၀ လှူဒါန်းခဲ့ပါတယ်”ဟု ဒီပါရုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်က နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

narinjara290101

ဒီပါရုံကျေးရွာတွင် အိမ်ခြေ ၁၅၄ ဆောင် ရှိပြီး လယ်ယာ လုပ်ငန်းကို အဓိကထား လုပ်ကိုင်သော ကျေးရွာ တစ်ရွာဖြစ်သည်။ ယခုနှစ်တွင် စပါးစိုက်ခင်းများသို့ ဆာငန်ရေများ ၀င်ရောက်ရာမှ စပါးများ ပျက်စီးခဲ့ပြီး အထွက်နူန်းမှာ ယခင်နှစ်များကထက် လျော့ကျခဲ့သည်ဟု သိရှိရသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ယခုကဲ့သို့ လာရောက်လှူဒါန်းသောကြောင့် ကျေးရွာသားများက အထူး ၀မ်းသာရပါကြောင်း ဦးခင်မောင်က ဆက်လက် ပြောဆိုသည်။

လှူဒါန်းသော ပစ္စည်းများကို မျှတမှုရှိစေရန် အတွက် မဲစနစ်ဖြင့် ရွာသားများကို ခွဲဝေ ပေးခဲ့သည်ဟု သိရသည်။

“ကျွန်တော်က ဆိုလာပြားနဲ့ ခြင်ထောင် မဲပေါက်ပါတယ်”ဟု ဥယျာဉ်လုပ်ငန်း လုပ်နေသူ ဦးစိန်လှက ပြောသည်။

ဆိုလာပြားမဲပေါက်၍ ကျောင်းသားများအတွက် အဆင်ပြေကြောင်း ဒေါ်ရွှေဦးစိန်ကလည်း ပြောဆိုသည်။

“ကျွန်မမှာ ၄ တန်းကျောင်းသား တစ်ယောက်နဲ့ ၁၀ တန်းကျောင်းသားတစ်ယောက် ရှိပါတယ်။ ဆိုလာပြား မဲပေါက်တဲ့အတွက် ကျောင်းသားတွေအတွက် အဆင်ပြေသွားပါတယ်”ဟု သူမက ပြောသည်။

ပုဏ္ဏားကျွန်းမြိုကနယ် ဒီပါရုံကျေးရွာတွင် ကျောင်းသူ၊ ကျောင်းသား ၂၀၀ ခန့်ရှိပြီး မူလွန်ကျောင်းအဆင့်ကို အစိုးရက ချပေးထားပြီး အလယ်တန်းကျောင်း ရရှိရန် ပညာရေးဌာနသို့ တင်ပြထားကြောင်း သိရသည်။

ကျောင်းဆောင် နှစ်ဆောင်ရှိသည့်အနက် တစ်ဆောင်မှာ အကာမလုံလောက်သဖြင့် ကျောင်းသားများ စာသင်ရာတွင် အခက်အခဲ ရှိနေသည်ဟုလည်း  ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်က ဆက်လက် ပြောဆိုသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP သည် မြန်မာအစိုးရနှင့် ၂၀၁၂ -ခုနှစ် ဧပြီလမှ စ၍ ပြည်နယ်အဆင့် ဆွေးနွေးထားပြီး မြန်မာအစိုးရနှင့် ပြည်နယ် အဆင့် အပစ်အခတ် ရပ်ထားသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP သည် ဂျပန်မှ နီပွန်ဖေါင်ဒေးရှင်းနှင့် လက်တွဲကာ ရခိုင်ပြည်နယ်ကျေးလက်ဒေသ များတွင် ဆင်းရဲသော ကျေးရွာများအား အကူအညီပေးလျှက်ရှိကြောင်း လေ့လာ သိရှိရသည်။

Most read this week