ပန်းဆေး ဒေသ၌ အစိုးရ စစ်တပ် နှင့် TNLA တို့ တိုက်ပွဲ ပြင်းထန်

ပန်းဆေး ဒေသ၌ အစိုးရ စစ်တပ် နှင့် TNLA တို့ တိုက်ပွဲ ပြင်းထန်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်းရှိ ပန်းဆေး ဒေသ၌ အစိုးရ စစ်တပ် နှင့် တအာင်းလွတ် မြောက်ရေး တပ်မတော်TNLA တို့ ၂၅ ရက်နေ့ ညနေပိုင်းကစပြီး တိုက်ပွဲ ဖြစ်ပွား နေကြောင်း သတင်း ရရှိသည်။

အစိုးရတပ်ဘက်မှ အင်အား(၃၀၀)ခန့်က ထိုးစစ်ဆင်နေပြီး လက်နက်ကြီးများလည်းပစ် ခတ်အသုံးပြုပြီး တပ်မ(၈၈)မှ တပ်ဖွဲ့များဖြစ်ကြကြောင်း တအာင်း လွှတ်မြောက်ရေး တပ်မတော်TNLA သတင်းပြန်ကြားရေးဌာနမှူး မိုင်းအိုက်ကျော် ကဆိုသည်။

BA and TNLA battle - serious

မိုင်းအိုက်ကျော်က “၂၅ ရက်ညမှာတော့တိုက်ပွဲနှစ်ကြိမ် မနေ့ကမနက်မှာတစ်ကြိမ် ဖြစ်ပွားတယ်၊ ပထမစဖြစ်တဲ့တိုက်ပွဲကတော့ ပန်းဆေးရွာမှာလေ။ ညနေ ၆ နာရီမှ ည ၈ နာရီထိ။ အစိုးရဘက် က ၄ ဦးကျတယ်လို့ သတင်းရရှိထားတယ် ကျနော်တို့ဘက်က တော့ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘူး” ဟု ပြောသည်။

ဇန်နဝါရီ ၂၆ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် နမ့်ခမ်းမြို့၏တောင် ဘက်ခြမ်း တောင်ပေါ်ဘက်မှ လက်နက်ကြီး ပစ်ခတ် ပေါက်ကွဲသံ (၅)လုံးထက်မနည်း ကြားနေရကြောင်း၊ မူစယ်မြို့ ဆေးရုံကြီး၌လည်း ဒဏ်ရာရရှိသော အစိုးရစစ်သား (၄) ဦးခန့်ရောက်ရှိနေသည်ဟု အမည်မဖော်လိုသော နမ့်ခမ်းဒေသခံ တစ်ဦးကပြောသည်။

“ဒုတိယပွဲကတော့ ည ရှစ်နာရီခွဲမှ ည ၁၀နာရီ အထိတိုက်ပွဲဖြစ်ပွားကြတယ်။ အဲဒီတိုက်ပွဲ ကျော်နန်းရွာနားမှာ ပဲ။ နှစ်ဖက်တပ်ထိခိုက်ဒဏ်ရာရရှိမှုစာရင်း တော့ခုထိမရသေးဘူး” ဟု ၎င်းကဆိုသည်။

တအာင်းတပ်မတော်မှ အဆိုပါပန်းဆေးဒေသအတွင်း ဘိန်းစိုက်ခင်းများ ကွင်းဆင်းဖျက်ဆီးရာတွင် အစိုးရတပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုခံရခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီလ ၂၆ရက်နေ့က အစိုးရဘက်မှ စစ်ကြောင်း၅ကြောင်းအားဖြည့်ထိုးစစ်ဆင်လာသဖြင့် တအာင်းတပ်မတော်ဘက်မှ ဘိန်းစိုက်ခင်းဖျက် ဆီးမှု ခေတ္တရပ်ဆိုင်းထားကြောင်း တအာင်းတပ်မတော်၏ သတင်းပြန်ကြားရေးမှူးက ဆက်လက်ပြောပြသည်။

ပန်းဆေးဒေသတွင် ဘိန်းစိုက်ဧက (၁၀၀၀) ကျော်ရှိပြီး ယခုနှစ်တွင် (TNLA) အနေဖြင့် ဘိန်းခင်းဧကပေါင်း (၃၀၀) ကျော် ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်သည်ဟုလည်း TNLA မှ တဆင့် သိရသည်။

ပန်းဆေးဒေသ နှင့် နမ့်ခမ်းမြို့သည် (၁၅) မိုင် ခန့်သာကွာဝေးပြီး တိုက်ပွဲကြောင့် ပန်းဆေးအုပ်စု ဒေသခံ များသည် နီးစပ်ရာ နမ်ခမ်းမြို့ရှိဆွေမျိုးအိမ်များသို့ တိမ်းရှောင်ခိုလှုံခဲ့ကြသည်။

ယခုလက်ရှိတိုက်ပွဲဖြစ်ပွားနေသောနေရာသည် ပြည်သူ့လွှတ်တော်အမတ် ဦးကျော်မြင့် ဦးဆောင်သော ပန်း ဆေး ပြည်သူ့စစ်ဌာနချုပ်ဖြစ်ပြီး စီဂျာပေါ့၊တာကောက်၊ ပန်မောဝ်၊ ပန်မူနှင့် ကျော်နန်းရွာတို့ ဖြစ်ကြကြောင်း၊ အစိုးရ စစ် တပ် နှင့် တိုင်းရင်းလက်နက်ကိုင် တပ်ပေါင်းစုများ လှုပ်ရှားရာ ဒေသလည်းဖြစ်သည်။