အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြနေသော ကျောင်းသားသပိတ် စစ်ကြောင်းများ တစ်နိုင်ငံလုံး လွှမ်းခြံုနိုင်ရန် ရည်ရွယ်ချက်ဖြင့် သပိတ်စစ်ကြောင်းများ ဖြန့်ကျက် ထွက်ခွါ၍ သပိတ်အရှိန်မြှင့်မည်ဟု မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့မှ အတွင်းရေးမှူး ကိုမင်းသွေးသစ်က မဇ္ဈိမကို ပြောသည်။
''ကျွန်တော်တို့ မန္တလေးစစ်ကြောင်းမှာ လူထုထောက်ခံမှု၊ စည်းရုံးမှု ရခဲ့တယ်။ တစ်နိုင်ငံလုံးကို လွှမ်းခြံုနိုင်ဖို့ကို ခုသပိတ် စစ်ကြောင်းတွေကို အရင်ပေါင်းပြီးမှ ရန်ကုန်ကို ချီတက်ဖို့ လုပ်ထားတာ အခု သပိတ်စစ် ကြောင်းတွေ ကို ဖြန့်ထားပြီး လူထုထောက်ခံမှု သူ့နယ်တွေမှာ လှုပ်ရှားမှု စည်းရုံးလှုံ့ဆော်မှုများလုပ်ပြီး သူ့နည်း သူ့ဟာနဲ့ ရန်ကုန်ကို တစ်ပြိုင်နက် တက်ကြမယ်ဟု ၎င်းက ပြောသည်။
ဇန်နဝါရီ ၂၆ ရက်မှ စ၍ မန္တလေး သပိတ်စစ်ကြောင်း၊ ဧရာဝတီ သပိတ်စစ်ကြောင်း၊ ထားဝယ် သပိတ်စစ်ကြောင်း၊ မြေလတ် သပိတ်စစ်ကြောင်း စသည်ဖြင့် သပိတ်စစ်ကြောင်းများ ဖြန့်ကျက်၍ ရန်ကုန်သို့ ချီတက်ကာ ရန်ကုန်၌ ထိုင်သပိတ် ဆင်နွှဲမည် ဖြစ်သည်။
ရန်ကုန်မြို့တွင် ဆန္ဒပြ တောင်းဆိုခဲ့သည့် ရက် ၆ဝ အလွန် သပိတ်လှုပ်ရှားမှု အဖြစ် မန္တလေးမှ ရန်ကုန်သို့ သပိတ်မှောက်ကျောင်းသားများ ချီတက် ဆန္ဒပြနေသော်လည်း ယခုချိန်ထိ အစိုးရနှင့် တာဝန်ရှိသူများက ကျောင်းသားများနှင့် ဆက်သွယ်ညှိနှိုင်းခြင်း လုံးဝ မပြုလုပ်သောကြောင့် တိုက်ပွဲအရှိန်မြှင့်သောအား ဖြင့် သပိတ်မှောက်စစ်ကြောင်းကြီးများ ခွဲကာ တောင်းဆို တိုက်ပွဲဝင်သည့် ပုံစံကို အသုံးပြုမည် ဟု ဆိုသည်။
မန္တလေး သပိတ်စစ်ကြောင်းကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၊ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (မြေလတ်ဒေသ) နှင့် တက္ကသိုလ်ကျောင်းသား သမဂ္ဂများ (တကသ) သုံး ဖွဲ့ပေါင်း၍ လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး စစ်ကြောင်းများ ဖြန့်ကျက် ခွဲထွက်သည့်အခါ လက်ရှိ ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းကို ဗကသများအဖွဲ့ချုပ်က ဆက်လက် ဦးဆောင်သွားမည်ဖြစ်ပြီး ကျန်စစ်ကြောင်းများကို ဗကသ (မြေလတ်) နှင့် တကသများက ဦးဆောင်ပြီး သပိတ်တိုက်ပွဲ ဆင်နွှဲသွားမည်ဟု ဆိုသည်။
အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်လှုပ်ရှားမှု ရက် ၆ဝ အလွန် လှုပ်ရှားမှုအဖြစ် ဇန်နဝါရီ ၂ဝ ရက်မှ မန္တလေးမြို့မှ စထွက်လာသည့် သပိတ်စစ်ကြောင်းသည် ဇန်နဝါရီ ၂၆ ရက်တွင် တောင်သာမြို့ သို့ ဆက်လက် ချီတက်ရန် ရည်ရွယ်ထားသော်လည်း နည်းပညာ တက္ကသိုလ် (မင်းခြံ) တွင် ဆန္ဒပြ ဟောပြောမှု များ ပြုလုပ်ပြီးနောက် အချိန် မလုံလောက်တော့သဖြင့် ဇန်နဝါရီ ၂၇ ရက် တွင်မှ တောင်သာမြို့ သို့ ဆက်လက်ချီတက်မည်ဟု ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က ပြောသည်။
မန္တလေး သပိတ်စစ်ကြောင်းသည့် ဇန်နဝါရီ ၂၆ ရက် နံနက်၌ မြင်းခြံမြို့မှ ထွက်ခွာချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် ရဲဝန်ထမ်းများက သပိတ်မှောက်ဆန္ဒပြမှုကို ခွင့်ပြုချက်တင်ရန် လာရောက်သတိ ပေးခဲ့သည်ဟု ၎င်းက ပြောသည်။
''ဒီနေ့ မနက်သပိတ်စစ်ကြောင်း စထွက်ခါနီး မြို့နယ်ထွေ/ အုပ်နဲ့ ရဲဝန်ထမ်းတွေ ရောက်လာတယ်။ ခွင့်ပြု ချက်တင်ဖို့ ကျွန်တော်တို့အတွက်က အိပ်ရာဝင်ပုံပြင်လိုပါပဲ။ ကျွန်တော်တို့က လုံးဝ မတင်ဘူး၊ ဖမ်းချင်ရင် သပိတ်စစ်ကြောင်းတစ်လျှောက် မှ အချိန်မရွှေး လာဖမ်းနိုင်တယ်လို့ ပြောခဲ့တယ်''ဟု ၎င်းက ဆိုသည်။
အလှူငွေ လက်ခံရရှိမှု
မန္တလေး သပိတ်စစ်ကြောင်းသည် ဆဋ္ဌမမြောက်ရက်တွင် ပြည်တွင်းပြည်ပမှ လှူဒါန်းငွေ သိန်း ၄ဝ ခန့် လက်ခံရရှိထားသည်ဟု ၎င်းက ဆိုသည်။ အဆိုပါ သပိတ်စစ်ကြောင်း သို့ နာရေးကူညီမှုအသင်း က ဆေးဝါးများ၊ ဖုန်းကတ်၊ သပိတ်လမ်းကြောင်း တစ်လျှောက်အတွင်း အသုံးပြုရန် စာရွက်စာ တမ်း၊ ကြေညာချက် များ ထုတ်ပြန်ရန် လိုအပ်သည့် စာရွက်စာတမ်းနှင့် အချိုရည်များအပြင် သပိတ်စစ်ကြောင်း အတွင်း လိုအပ်သည့် နေရာများအတွင်း သွားလာရေးအတွက် အသုံးပြုနိုင်ရန် လူနာတင်ယာဉ် ကားတစ်စီးကို ဇန်နဝါရီ ၂၆ ရက်တွင် နာရေးကူညီမှုအသင်း မှ ဦးကျော်သူ ကိုယ်တိုင် မြင်းခြံမြို့သို့ လာရောက် လှူဒါန်းခဲ့သည်။
ကျောင်းသား ၁ဝဝ ဖြင့် ဇန်နဝါရီ ၂ဝ ရက်တွင် စတင်ခဲ့သော သပိတ်စစ်ကြောင်းသည် ချီတက်ရာလမ်း တစ်လျှာက်တွင် တက္ကသိုလ်ကျောင်းသားများ၊ အထက်တန်း၊ အလယ်တန်း ကျောင်းသားများ ပူးပေါင်းပါ ဝင်မှုများရှိပြီး ဇန်နဝါရီ ၂၅ ရက်က ရေနံချောင်းက ရဟန်းပျိုသမဂ္ဂမှ သံဃာတော် ခြောက်ပါးလည်း လာရောက်ပူးပေါင်းခဲ့သည်။
မကွေးကလည်း ပူးပေါင်းမည်
မကွေးမြို့၊ သံဃာရာမ စာသင်ကျောင်းတိုက်တွင် ဇန်နဝါရီ ၂၆ ရက် နံနက်(၉) နာရီအချိန်တွင် တက္ကသိုလ် အသီးသီးမှ ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်များ အင်အား တစ်ရာကျော်ခန့်သည် ကျောင်းသားပြည်သူ အခြေမခံသော ပညာဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြခဲ့ကြသည်။
အဆိုပါ ဆန္ဒပြပွဲကို အလုပ်သင်ဆရာဝန် ဒေါက်တာကိုထက်ထက်ဇော် (M.B.B.S) မှ ဦးဆောင်၍ ဒေသ ခံအာဏာပိုင်ထံသို့ တရားဝင် ဆန္ဒပြခွင့်တင်ပြီး ပြုလုပ်ကြောင်း သိရသည်။ မကွေးတက္ကသိုလ် အသီးသီး မှ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ၊ ရေနံချောင်း၊ ချောက်၊ ပခုက္ကူမြို့များမှ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ အင်အား တစ်ရာ့ငါးဆယ်ခန့်ဖြင့် မကွေးမြို့တွင်း လှည့်လည် ဆန္ဒပြခဲ့ကြသည်။ အဆိုပါ ဆန္ဒပြကျောင်း သားများသည် မန္တလေးမှ ချီတက်လာသော ကျောင်းသား သပိတ်စစ်ကြောင်းနှင့် ပူးပေါင်းမည်ဟု ကိုထက်ထက်ဇော်က ပြောသည်။