ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် ဆက်လက်ဆွေးနွေး

ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် ဆက်လက်ဆွေးနွေး
by -
မဇ္စျိမ

မျိုးစောင့် ဥပဒေကြမ်းများဟု အများက ခေါ်ဝေါ်ကြသော ဥပဒေကြမ်း လေးခုအနက် ကိုယ်ကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဇန်နဝါရီ ၂၆ ရက်က အမျိုးသား လွှတ်တော်တွင် ကိုယ်စားလှယ် ၈ ဦး အကြိတ်အနယ်ဆွေးနွေးခဲ့ကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်က လွှတ်တော်ကိုယ်စားလှယ် ၃ ဦးဆွေးနွေးခဲ့ရာ ၂ ဦးက ထောက်ခံ၊ ၁ ဦးကန့်ကွက်ခဲ့ဆွေးနွေးခဲ့ပြီး ယနေ့ ဆွေးနွေးသူ ၈ ဦးအနက် တပ်မတော်သားကိုယ်စားလှယ် တစ်ဦး အပါအဝင် ၅ ဦးထောက်ခံ၊ ၂ ဦးကန့်ကွက်ကာ အင်န်အယ်လ်ဒီ ကိုယ်စားလှယ်တစ်ဦးက ကြားနေ ဆွေးနွေးသွားခဲ့သည်။

ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် ၆ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ် က မြန်မာနိုင်ငံသည် လူဦးရေထူထပ်ပြီး အမျိုးဘာသာ ကွဲပြားသည့် နိုင်ငံကြီးများတွင် တည်ရှိပြီး ပြည်တွင်းတွင်လည်း ဘာသာကြီးများ တည်ရှိသည့်နိုင်ငံဖြစ်သည်။

စီးပွားရေးဖွံ့ဖြိုးလာပြီး အာဆီယံအပါအဝင် နိုင်ငံတကာနှင့် စီးပွားရေး၊ လူမှုရေးဆက်ဆံမှု မြင့်တက်လာမည့် အလားအလာ ရှိသည့်အတွက် ကိုးကွယ်ရာ ဘာသာကူးပြောင်းနိုင်မည့် အလားအလာရှိသည်ဟု ၎င်းက ပြောသည်။

၎င်းက "ဘာသာကူးပြောင်းသူတွေမှာ အခွင့်အရေးမဆုံးရှုံးရအောင် ရှုပ်ထွေးမှုမရှိအောင် ကြိုုတင်တားဆီးပေး တဲ့ ဥပဒေတွေ ပြဌာန်းဖို့လိုပါတယ်’’ ဟု ဆိုသည်။

တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သိန်းလွင်က ကိုးကွယ်ရာဘာသာကူးပြောင်းလိုသူသည် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည့်အပြင် မိမိ၏ လွတ်လပ်သော သဘောဆန္ဒဖြင့် ကိုးကွယ်ရာဘာသာကူးပြောင်းလိုခြင်း ဖြစ်ရမည်ဖြစ်ကာ ပဋိညာဉ် ဥပဒေပုဒ်မ ၁၁ပါ မိမိနှင့် သက်ဆိုင်သည့် တရားဥပဒေအရ တရားဝင် အရွယ်ရောက်ပြီး သူတိုင်းသည် စိတ်ကောင်းလျက်ရှိသည့် အပြင် မိမိနှင့် သက်ဆိုင်သည့် တရားဥပဒေအရ ပဋိညာဉ်ပြုရန် အရည်အချင်း ချို့ယွင်းချက်မရှိလျှင် ပဋိညာဉ်ပြုနိုင်သည်ဟု ပြဌာန်းထားသည့်အတွက် လွတ်လပ်သည့် ဥပဒေတစ်ရပ် ဖြစ်သည်ဟု ဆိုသည်။

ကန့်ကွက်ဆွေးနွေးခဲ့သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက "ပြီးတော့ ပုဒ်မ ၅ မှာ ကိုးကွယ်ရာဘာသာဆိုင်ရာ ကူးပြောင်းလိုသူသည့် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ ခရစ်ယာန်အယူအဆကို လစ်လျူရှုတဲ့ပုဒ်မဖြစ်တယ်’’ ဟု ပြောသည်။

၎င်းက "ကျွန်တော်တို့ ခရစ်ယာန်မှာလည်း သင်းကွဲတာတွေတော့ ရှိပါတယ်။ လူတစ်ဦးတစ်ယောက်သည် သူ့မိခင်ဝမ်းဗိုက်ထဲမှာရှိတဲ့ အချိန်မှာကတည်းက ကြိုက်ရာကို စ ယုံ ကြည်လို့ရတယ်။ မိခင်ရဲ့ယုံကြည်ချက်ကို သူကပေါင်းပြီးတော့ သန္ဓေတည်ကတည်းက ယုံကြည်နို်င်တယ်’’ ဟု ဖြည့်စွက်ပြောသည်။

အင်န်အယ်လ်ဒီ ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေးစသည် တို့ကြောင့် လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ကာကွယ်စောင့်ရှောက်နိုင်သော ဥပဒေမျိုးဖြစ်ရမည့် နေရာတွင် မိမိတို့ပြဌာန်းလိုက်သည့် ဥပဒေကြောင့်ပင်လျှင် ဘာသာကူးပြောင်းစေရန် တွန်းအားပေးရာရောက်စေ မည့် ဘေးထွက်ဆိုးကျိုး သက်ရောက်စေမည်ကိုလည်း အထူးဂရုပြုချင့်ချိန်ရန်လိုအပ်ပါသည်ဟု ဆွေးနွေး ခဲ့သည်။

၎င်းက "ကိုးကွယ်ရာ ဘာသာကွဲပြားသော တိုင်းရင်းသားများ၏ စိုးရိမ်ပူပန်မှုကိုလည်း အလေးအနက် ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ပါတယ်’’ ဟု ပြောကြားခဲ့သည်။