တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) က ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ သို့ အမျိုးသမီး၊ လူငယ်အမတ် အများစုဖြင့် မြို့နယ် ၂ဝဝ ကျော်တွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ပါတီ ဗဟိုအလုပ် အမှုဆောင် ဦးထွန်းရီက ဇန်နဝါရီ ၂၅ ရက်တွင် မဇ္ဈိမကို ပြောသည်။
''အမျိုးသမီးတွေ အများကြီး စာရင်း တက်လာတယ်။ အမျီုးသမီး၊ လူငယ်တွေကို ပိုဦးစားပေးမယ်။ တစ်မြို့နယ်မှာ အမျိုးသမီး တစ်ဦးပါဖို့အတွက် အရင်ကတည်းကနေ အခုထိ သတ်မှတ်ထားပါတယ်။ အဲဒီအတွက် လူငယ် ခေါင်းဆောင်မှု သင်တန်းတွေ စလုပ်နေတယ်'' ဟု ၎င်းက ဆိုသည်။
၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ သို့ တစညပါတီက မြို့နယ် ၂ဝဝ မှ ၂၅ဝ အတွင်းရှိ ပါတီထောက်ခံမှု အားမြင့်သည့် အဆင့်(က) မြို့နယ် ၁၃၉ ခုတွင် လွှတ်တော်နေရာ လေးခုစလုံး ဝင်ရောက်မည်ဖြစ်ပြီး အဆင့် (ခ) ဖြစ်သည့် ကျန် ၉ဝ တွင် လွှတ်တော်နေရာ နှစ်နေရာအထိ ဝင်ရောက်ရန် ပြင်ဆင်နေသည်။
တစညက ပါတီထောက်ခံမှု အင်အား တောင့်တင်းသည့် နယ်မြေများကို အဆင့် (က)၊ အသင့်တင့်နေရာ များ ကို အဆင့်(ခ) နှင့် ထောက်ခံမှု အလွန်နည်းသည့် နေရာများကို အဆင့်(ဂ) ဟု သတ်မှတ်ကာ ရွေး ကောက်ပွဲဝင်မည့် မြို့နယ်များကို သတ်မှတ်ထားခြင်း ဖြစ်သည်။ တစည ရည်မှန်းထားသည့် မြို့နယ် ၂ဝဝမှ ၂၅ဝသည့် ရှမ်းပြည် နယ်မှ လွဲ၍ အခြားပြည်နယ်နှင့် တိုင်းအားလုံး မှ မြို့နယ်တို့ ပါဝင်သည်။
လူငယ်နှင့် အမျိုးသမီးများကို ဦးစားပေးကာ ရွေးကောက်ပွဲ ဝင်ရောက်မည့် တစညပါတီက ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ဧရာဝတီတိုင်းဒေသကြီးအတွင်း၊ ကြံခင်း၊ မအူပင်၊ ဘိုကလေးခရိုင် အသီးသီးတို့တွင် လည်းကောင်း ဇန်နဝါရီ ၂၂ မှ လကုန်ထိ လပွတ္တာနှင့် ပုသိမ်ခရိုင်တို့တွင် လည်းကောင်း၊ အမျိုးသမီး၊ လူ ငယ်ခေါင်းဆောင်မှု သင်တန်းများကို လေ့ကျင့် သင်ကြားပေးနေသည် ဟု တစညထံမှ သိရသည်။
ရွေးကောက်ပွဲ ဝင်ရောက်မည့် တိုင်းနှင့် ပြည်နယ်အနှံ့မှ သက်ဆိုင်ရာပါတီအသီးသီး တို့ကလည်း အမျိုးသ မီး၊ လူငယ်ခေါင်းဆောင်မှု သင်တန်းများကို စတင် နေပြီဖြစ်သည်ဟု ဦးထွန်းရီက ဆိုသည်။
၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာ နောက်ဆုံးပတ်နှင့် နိုဝင်ဘာ ပထမပတ်အတွင်း ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို ပြုလုပ်ပေးမည် ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပြီးသည် နှင့် တစ် ပြိုင်နက် ပြည်ခိုင်ဖြိုး USDP ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ NDF နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့က အပြိုင်အဆိုင် ပြင်ဆင်နေကြခြင်းလည်း ဖြစ်သည်။
၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် USDP ၊ NLD တို့က နေရာအားလုံး ဝင်ပြိုင်မည်ဖြစ်ပြီး၊ NDF ကမူ ပြည်ထောင်စု လွှတ်တော်နေရာ ၁ဝဝ ထိ ရရှိအောင် ပြင်ဆင်နေသည်။
၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ ၁ဝနေရာခန့်သာ ရရှိထားသည့် NDF ပါတီက ယခင်ထက် ၁ဝ ဆထိ တိုးမြှင့်ရရှိရန် ရည်မှန်းထားခြင်းဖြစ်ပြီး ယင်းအတွက်ကိုလည်း ပါတီက အဆင်သင့် ပြင်ဆင်ထားသည် ဟု ဦးခင်မောင်ဆွေက ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကလည်း ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲနည်းတူ ပြည်ထောင်စုအဆင့် လွှတ်တော်တွင် ၂ဝ၁၄ ခုနှစ်အတွင်း ပြုလုပ်ပေးမည်ဟု ကတိပြုခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲကို အကြောင်းအမျိုးမျိုးဖြင့် ပယ်ဖျက်ခဲ့သဖြင့် ဝေဖန်မှုများစွာ ခံထားရသည်။
ဦးနေဝင်း ဦးဆောင်ခဲ့သည့် ဆိုရှယ်လစ်ပါတီမှ အသွင်ပြောင်းကာ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲသို့ ဝင်ရောက်ခဲ့သည့် တစည ပါတီသည် ၂ဝ၁ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အားလုံးကို ဝင်ရောက်ခဲ့သော်လည်း အမျိုးသားလွှတ်တော် ငါးနေရာ၊ ပြည်သူ့လွှတ်တော် ၁၂ နေရာနှင့် တိုင်းဒေသ ကြီး/ ပြည်နယ်လွှတ်တော် ၄၆ နေရာသာ အနိုင် ရရှိခဲ့သည်။