မသန်စွမ်းဥပဒေကြမ်းပါ အချက်အချို့ ပြင်ဆင်နိုင်ရေး လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် တွေ့ဆုံမည်

မသန်စွမ်းဥပဒေကြမ်းပါ အချက်အချို့ ပြင်ဆင်နိုင်ရေး လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် တွေ့ဆုံမည်
by -
မဇ္စျိမ

မသန်စွမ်းဆိုင်ရာ အဖွဲ့အစည်းများက မသန်စွမ်းဥပဒေကြမ်းပါ အချက်များ ပြင်ဆင်နိုင်ရန် ပြည်ထောင်စု ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဇန်နဝါရီ ၂၇ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည် ဟု ရွှေမင်း သား ဖောင်ဒေးရှင်း ပြင်ပဆက်ဆံရေးမှူး ကိုဝဏ္ဏကျော်စွာက မဇ္ဈိမကို ပြောသည်။

ယခု ကျင်းပလျက်ရှိသည့် ၁၂ ကြိမ်မြောက် လွှတ်တော် ပုံမှန်အစည်းအဝေးသို့ တင်ပြမည့် မသန်စွမ်းသူ များ၏ အခွင့်အရေးများ ဥပဒေကြမ်းတွင် မသန်စွမ်းဆိုင်ရာ အဖွဲ့အစည်းများက ပြင်ဆင်လိုသည့် အချက် များနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။

Disability-1

ကိုဝဏ္ဏကျော်စွာက''ကျွန်တော်တို့က ဥပဒေကြမ်းမှာပါတဲ့ အတန်းပညာရေးနဲ့ ကျောင်းပြင်ပ ပညာရေးဆိုတာကို လွှတ်တော်က အဓိပ္ပာယ်ဖွင့်ပေးဖို့ တောင်းဆိုထားတယ်။ အထူး ကျောင်းပညာရေးဆိုတာကိုတော့ ကျွန်တော်တို့ အဓိပ္ပာယ်ဖွင့်ဆိုချက် ပြန်ဖြည့်ထားတာလည်း ရှိတယ်''ဟု ပြောသည်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးဘရှိန်က ''ဥပဒေကြမ်းကို ပြင်ဆင်လိုတဲ့ အဖွဲ့ အစည်း တွေအနေနဲ့ လွှတ်တော် ဥက္ကဋ္ဌတွေကို တင်ရင်ပိုအဆင်ပြေမှာပါ။ ဥက္ကဋ္ဌတွေက တစ်ဆင့် သက်ဆိုင်ရာ ကော်မတီတွေကို လွှဲပေးရင် ပိုပြီးတော့ တရားဝင်ဖြစ်တာပေါ့'' ဟု ပြောသည်။

အဆိုပါ ဥပဒေကြမ်းကို လွှတ်တော် အမတ်များနှင့် တိုင်ပင်ဆွေးနွေးရာတွင် မူရင်းဥပဒမူကြမ်းကို တင်ပြ ဆွေးနွေးခြင်း၊ ဥပဒေမူကြမ်းကို ပြန်လည်ဆွေးနွေး ဖြည့်စွက်ခြင်းနှင့် မသန်စွမ်းဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများက ဥပဒေကြမ်းတွင် ဖြည့်စွက် ပြင်ဆင်ထားသည့် အကြောင်းအရာများကို မည့်သည့် အတွက် ပြင်ဆင်ရခြင်း ဖြစ်သည်ကို ရှင်းလင်း တင်ပြခြင်းတို့ကို အရပ်ဘက်အဖွဲ့အစည်းများ က ပြုလုပ်သွား မည် ဖြစ်သည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာကိုကိုဦးက''ဥပဒေကြမ်းကို ကျွန်တော်တို့ မသန်စွမ်းဆိုင်ရာ အဖွဲ့အစည်းတွေ ပြင်ဆင်ထားတာ အများကြီး မရှိပါဘူး။ လွဲနေတဲ့ အချက်တွေကို ပြင် တယ်။ စာလုံး ထပ်တိုးတာတွေရှိတယ်။ ပြီးတော့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ ထပ်ဖြည့်သွားပါမယ်''ဟု ပြော သည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ ကောင်စီ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၊ ဧဒင် မသန်စွမ်း သက်ငယ်များ ပြုစုရာ ရိပ်မြံု၊ မြန်မာနိုင်ငံမျက်မြင်အသင်း၊ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ အစရှိသည့် မသန်စွမ်းဆိုင်ရာ အရေးဆောင်ရွက်သည့် အရပ်ဘက် အဖွဲ့အစည်း ၁၅ ဖွဲ့ဝန်းကျင်က ဥပဒေကြမ်းပူးပေါင်း ကော်မတီနှင့် ဆွေးနွေးသွားမည် ဖြစ်သည်။