တိုင်းနယ်/လုံဝန်ကြီးအပါအဝင် ခရိုင်မှူး၊ မြို့နယ်ရဲမှူး၊ ဝမ်ပေါင်၊ ဦးပိုင်ကုမ္ပဏီတို့ ရှေ့တွင် လုံခြံုရေးရဲတပ်ဖွဲ့မှ ပစ်ခတ်မှုဖြင့် သေနတ်ထိမှန် သေဆုံးခဲ့ရသည့် ဒေါ်ခင်ဝင်းသေဆုံးမှုနှင့် ပတ်သက်၍ အရေးယူပေးရန် ဦးတိုက် လျှောက်ထားမှုကို ဆားလင်းကြီးမြို့နယ် ရဲစခန်းနှင့် မြို့နယ်တရားရုံးတို့က ပယ်ချခဲ့သဖြင့် ပြည်ထောင် စု တရားလွှတ်တော်ချုပ်ထံသို့ အမှုခေါ်စာချွန်တော် တင်ပြသွားမည်ဖြစ်ကြောင်း အဆိုပါ အရေးကို လိုက်ပါ ဆောင်ရွက်ပေးလျှက်ရှိသည့် မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက မဇ္ဈိမသို့ ပြောသည်။
ဒေါ်ခင်ဝင်းကို သေနတ်နှင့် ပစ်သတ်သူထက်၊ ပစ်ခတ်ရန် အမိန့်ပေးသူများကို တရားခံအဖြစ် အရေးယူနိုင်ရန် ဇန်နဝါရီ ၁၉ ရက်က ဆားလင်းကြီးမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားရာတွင် တရားရုံး မှ ပယ်ချခဲ့သည့်အတွက် တရားလွှတ်တော် ရှေ့နေဦးအောင်သိန်းက အမှုခေါ် စာချွန်တော်ကို ဖေဖော်ဝါရီ ပထမပတ် အတွင်း တင်ပြနိုင်ရန် စတင် ဆောင်ရွက်နေပြီ ဖြစ်သည််။
''ရဲစခန်းကလည်း အမှုဖွင့်တာ ဆိုင်းငံ့ဆိုပြီး လက်မခံဘူး။ တရားရုံးကလည်း လက်မခံဘူး။ ဒါကြောင့် ဦးပိုင်၊ ဝမ်ပေါင်က တရုတ်တွေ၊ ခရိုင်ရဲမှူး၊ မြို့နယ်ရဲမှူး၊ နယ်/ လုံဝန်ကြီးတွေ ပါတယ်။ သူတို့ရှေ့မှောက်မှာ အပစ်ခံရတဲ့အတွက် ကျွန်တော်က တရားလိုပြုပြီး ပြည်ထောင်စုတရား လွှတ်တော်ချုပ်ဆီကို အမှုခေါ် စာချွန်တော်တက်မှာပါ။အဲ့ဒီအတွက် ပြင်ဆင်နေပါပြီ'' ဟု ဦးအောင်သိန်းက ပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာတွင် ပါဝင်သည့် လယ်ယာမြေပေါ်တွင် ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းများ ခြံစည်းရိုးဝင်း ခတ်မှုကို ဒေသခံတောင်သူများက ကန့်ကွက်ပြီးနောက် ဒီဇင်ဘာ ၂၂ ရက် တွင် လုံခြံုရေး ယူထားသော ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်း သဖြင့် ဒေသခံတစ်ဦး သေဆုံးကာ ၁ဝ ဦးကျော် ဒဏ်ရာ ရခဲ့သည့် အပြင် ဒီဇင်ဘာ ၂၃ ရက်ကလည်း ဒေသခံနှစ်ဦး သေနက်ဒဏ်ရာ ရရှိခဲ့သည်။
ဒေါ်ခင်ဝင်း သေဆုံးမှုနှင့် ပတ်သက်၍ ဆားလင်းကြီး ပြည်သူ့ဆေးရုံကြီး၌ ဒီဇင်ဘာ ၂၄ ရက် နံနက် ၁ဝ နာရီက ရင်ခွဲစစ်ဆေးရာ သေနတ် ဒဏ်ရာဖြင့် သေဆုံးကြောင်း မုံရွာဆေးရုံအုပ်ကြီးက အတည်ပြု ပြီး ဖြစ်သည်။
ဒေါ်ခင်ဝင်း၏ ရုပ်အလောင်းကို ဒီဇင်ဘာလ ၂၄ ရက် ညနေပိုင်းတွင် သင်္ဂြိုဟ်ခဲ့ပြီး ဒေသခံ ရာချီတက် ရောက် ခဲ့ပြီး ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားရာ ရဲစခန်းက ၄/၂၄ သေမှုသေခင်း ဖြင့် ဒီဇင်ဘာလ ၂၃ ရက်က အမှုကို လက်ခံခဲ့သည်။
မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ ဒေါ်ခင်ဝင်းသေဆုံးမှုနှင့် ဒဏ်ရာရရှိသူ ဒေသခံ ၁ဝ ဦးအတွက် ဒီဇင် ဘာ ၄ ရက် က အမှုဖွင့်ရန် စတင် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။