မြန်မာ့ တပ်မတော် စစ်ယာဉ်တန်း ခြုံခို ပစ်ခတ် ခံရ

မြန်မာ့ တပ်မတော် စစ်ယာဉ်တန်း ခြုံခို ပစ်ခတ် ခံရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်နှင့် မူစယ်မြို့ကြား လားရှိုး- မူစယ် ကားလမ်းတွင် မြန်မာ့ တပ်မ တော်၏ စစ်ယာဉ်တန်းအား ခြုံခို တိုက်ခိုက်မှု ဖြစ်စဉ် တရပ်ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့က ဖြစ်ပွါးခဲ့သည်။

ကွတ်ခိုင်မှ ၁၀ မိုင်ခန့်အကွာရှိ နမ့်ကွတ်တွင် ပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး မြန်မာ့တပ်မတော် စစ်ကြောင်း၏ စစ်ယာဉ်တန်း ၃ စီးအား အမည်မသိလက်နက်ကိုင်အဖွဲ့က ပတ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း မူစယ်-လားရှိုး ကားဆရာတစ်ဦးကပြောသည်။

“ဘယ်တပ်ကလည်းတော့ မတွေ့မိဘူး။ ကား ၃ စီးလူအင်အား ၅၀ နဲ့ ၆၀ ကြားရှိတယ်။ လက် နက်ကြီးနဲ့ပစ်တာမဟုတ်ဘူး။ ကားမှန်တွေကွဲကုန်တာလေ။ တစ်ယောက်သေတယ် တစ်ယောက် ဒဏ်ရာရတယ်။ ဆရာမ ၂ ယောက်ရဲ့အလောင်းကို မူစယ်ကနေသယ်သွားပြီးနောက် တစ်နေ့မှာ ဘဲဖြစ်တာလေ။ မူစယ် ၁၀၅ မိုင်မှာလည်း ဆန္ဒပြတယ်လေအဲဒီနေ့က ” ဟု အဆိုပါကားဆရာ ကပြောသည်။

ချောင်းမြောင်းပစ်ခတ်ခံရသည့်နေရာမှစ၍ မြန်မာစစ်သားတို့ ကားမစီးရဲဘဲ ခြေကျင်ဖြင့် မူစယ်သို့ဆက် တက်ကြောင်း၊ မှန်ကွဲကုန်သော စစ်ကားများမှာ ကားအလွှတ်ဖြင့်သာ တက်သွား ကြောင်း ပြောဆိုသည်။

အဆိုပါဒေသတွင် မြန်မာ့တပ်မတော်အပြင်၊ ကချင်တပ်မတော်၊ တအာန်းတပ်မတော်၊ သျှမ်းပြည်တပ်မတော်တို့အပြင် ဌာနေပြည်သူ့စစ်များလည်း လှုပ်ရှားရာဒေသ ဖြစ်သည်။