ရန်ကုန်မှ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံ အဖြစ်ပြောင်းလဲသတ်မှတ်ရန် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်

ရန်ကုန်မှ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံ အဖြစ်ပြောင်းလဲသတ်မှတ်ရန် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်
by -
နိရဥ္စရာ

ရန်ကုန်မြို့ ရွှေတိဂုံတောင်ဘက်ရှိ ကန်တော်မင်ပန်းခြံကို ဦးဥတ္တမ ပန်းခြံအဖြစ် သတ်မှတ်ရန် ပြည်သူ့ လွှတ်တော် (၁၂) ကြိမ်မြှောက် ပုံမှန် အစည်းအဝေးက ကန့်ကွက်သူမရှိ အတည်ပြု ဆုံးဖြတ်လိုက်သည်ဟု သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက ဇန်နဝါရီလ ၂၃ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြှောက် ပုံမှန် အစည်းအဝေးတွင် ကန်တော်မင် (သို့မဟုတ်) ကန်တော်မင်္ဂလာ ပန်းခြံအား တစ်ခုတည်းသော အမည်ဖြစ်သည့် ဦးဥတ္တမ အမည်ဖြင့် မော်ကွန်းထိုး သတ်မှတ်ပေးရန် အဆိုတင်သွင်းခဲ့သည်။

( ၁၉၆၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က ကန်တော်မင် ပန်းခြံအား ဦးဥတ္တမပန်းခြံအမည်ဖြင့် ဖွင့်ပွဲအခမ်းအနားကို မဏ္ဍိုင်နေ့စဉ် သတင်းစာတွင် ဖေါ်ပြထားစဉ်။ )

ယင်းအဆိုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရည်က ထောက်ခံခဲ့ပြီး  “ ဆရာတော် ဦးဥတ္တမရဲ့ နိုင်ငံရေးကြိုးပမ်းမှုများကို ဂုဏ်ပြုသောအားဖြင့် ကန်တော်မင်ပန်းခြံအား ဦးဥတ္တမ ပန်းခြံအဖြစ် ဆိုင်းဘုတ်တင် ပြီး တရားဝင် သတ်မှတ်သင့်ကြောင်း” ဆွေးနွေးခဲ့သည်ဟု သိရသည်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းမှလည်း “ အဆိုတင်သွင်းသူ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုမှာလည်း ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်ကြောင်း၊ ဦးဥတ္တမဟာလည်း ရခိုင် တိုင်းရင်းသား ဆရာတော်တစ်ပါး ဖြစ်ပြီး မြန်မာ့လွတ်လပ်ရေးအတွက် သူ့နေရာနှင့်သူ့ကဏ္ဍက ကြိုးပမ်း ဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ် ဖြစ်ကြောင်း၊ သို့အတွက် သမိုင်းမော်ကွန်းတွင် ပါရှိပြီး ဖြစ်ကြောင်း၊ ဦးမောင်ညိုတင်သွင်းသော အဆိုကို ကျွန်တော်တို့ လွှတ်တော်က ထောက်ခံပေးခြင်းဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် များစွာ အထောက်အကူဖြစ်မှာ ဖြစ်ကြောင်း” ထောက်ခံ ဆွေးနွေးခဲ့သည်။

ယင်းနောက်ပိုင်း ကန်တော်မင်ပန်းခြံ (ခေါ်) ကန်တော်မင်္ဂလာပန်းခြံအား ဦးဥတ္တမ ပန်းခြံအဖြစ် ပြန်လည် သတ်မှတ်ရန် ပြည်သူ့လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြောင်း သိရသည်။

ယခု ကန်တော်မင်ပန်းခြံ အဖြစ် လူသိများသော ပန်းခြံအား ဆရာတော် ဦးဥတ္တမ ပန်းခြံအမည်ဖြင့် ၁၉၆၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း ယင်းအချိန်က ထုတ်ဝေသော မဏ္ဍိုင်နေ့စဉ် သတင်းစာတွင် ဖေါ်ပြခဲ့သည်။

၎င်းဖွင့်ပွဲ အခမ်းအနားသို့  ယင်းအချိန်က သာသနာရေးဝန်ကြီး ဦးဘစော၊ အတွင်းဝန် ဦးသန်းစိန်၊ ပြန်ကြားရေး ၀န်ကြီး ဦးဘမြိုင်နှင့် ဦးဥတ္တမနေ့ ဖြစ်မြှောက်ရေး အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ခဲ့ကြသည်။

သို့သော်လည်း ဗိုလ်နေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီ အစိုးရ တက်လာပြီးနောက်ပိုင်းတွင် ယင်းပန်းခြံအား ဦးဥတ္တမပန်းခြံ အဖြစ်မှ  ကန်တော်မင်ပန်းခြံအဖြစ် ပြန်လည် သတ်မှတ် ခေါ်ဝေါ်စေခဲ့သည်။ ယင်းပြင် ပန်းခြံတွင် ထားရှိမည့် ပန်းပုဦးဟန်တင်ထုလုပ်သော ဆရာတော်ဦးဥတ္တမ ကြေးသွန်းရုပ်ထုအားလည်း ဖျောက်ဖျက်ပစ်ခဲ့သည်။ ထိုသို့ ပြုမူဆောင်ရွက်ခဲ့သည့် အပေါ် ရခိုင်အမျိုးသားများက လူမျိုးရေး ခွဲခြားမှု အဖြစ် ရှုမြင်ခဲ့ကြပြီး မကျေနပ်မှုများ တိုးပွားခဲ့သည်။