ကချင်တွင် အစိုးရစစ်တပ်များ အင်အားဖြည့်နေဟု ဆို

ကချင်တွင် အစိုးရစစ်တပ်များ အင်အားဖြည့်နေဟု ဆို
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နယ်မြေအတွင်း အစိုးရ စစ်တပ် ထိုးစစ်ဆင်ခြင်းမရှိသဖြင့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ တည်ငြိမ်နေသည် ဟု KIA တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆန့်က ပြောသည်။

ဇန်နဝါရီလ ၂၂ ရက် ဖားကန့်မြို့နယ် KIA တပ်ရင်း ၆ နယ်မြေအတွင်း တိုက်ပွဲ နှစ်နေရာ ဖြစ်ပွားခဲ့ပြီး ယနေ့ ဇန်နဝါရီလ ၂၃ ရက်တွင်မူ အစိုးရ စစ်တပ်ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်မှု မရှိသေးပဲ အင်အားဖြည့်တင်းမှုများသာရှိနေသည်ဟု သူက ပြောသည်။

Dec29-2014-Burma-army-LID-66

“ဒီနေ့က ငြိမ်နေတဲ့ သဘောရှိတယ်။ ခုညနေထိ ဘာမှ မကြားသေးဘူး။ အစိုးရ စစ်တပ်က ထိုးစစ်ဆင်တာ မရှိလို့ မဖြစ်တာ။ မနေ့ကလည်း အစိုးရ စစ်တပ်ကတော့ ဟိုပင်နဲ့ ဖားကန့်လမ်းဘက်ကနေလည်း တက်လာတယ်။ တပ်ရင်း ၂ ရင်းလောက် ထပ်ဖြည့်ထားတယ်။ အခုဆို တပ်ရင်း ၁၂ ရင်းရှိသွားပြီ” ဟု သူက ပြောသည်။

လက်ရှိ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော်လည်း အစိုးရ စစ်တပ်က ဇန်နဝါရီလ ၂၂ ရက်က စစ်အင်အား တပ်ရင်း ၂ ရင်း ထပ်မံ ဖြည့်တင်းထားမှုများ ရှိနေသည်ဟု သူက ပြောသည်။

ဇန်နဝါရီလ ၁၅ ရက်မှ ၂၂ ရက်ထိ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး လက်ရှိ KIA ၏ တပ်ရင်း ၆ အခြေစိုက်ရာ သန်းဂေါင် (အောင်ဘာလေ) ကျေးရွာတွင် အစိုးရ တပ်ရင်း ၄ ရင်း အခြေစိုက်ထားဆဲ ဖြစ်သည်ဟု သိရသည်။

ဇန်နဝါရီလ ၁၄ ရက် အစိုးရ၏ လုံခြံုရေး ရဲတပ်ဖွဲ့ သုံးဦးကို KIA က ဖမ်းဆီးခဲ့ရာမှ အစိုးရ စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ယင်း ရဲတပ်ဖွဲ့ သုံးဦးကို ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှတဆင့် ဇန်နဝါရီလ ၁၉ ရက်က အစိုးရထံ ပြန်လည် လွှဲပြောင်းပေးလိုက်ပြီး ဖြစ်သည်။

Most read this week