အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့သော ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) ၏ ကချင်ကျောင်းဆရာမ နှစ်ဦး၏ ရုပ်အလောင်းကို ဇန်နဝါရီလ ၂၃ ရက်တွင် ကချင်လူထု သောင်းနှင့်ချီ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျော်ဘွမ်သုဿန်သို့ လိုက်ပို့ခဲ့သည်ဟု ဈာပန အခမ်းအနား တက်ရောက်ခဲ့သော ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောသည်။
ကချင်ပြည်သူလူလူထုများသည် ဇန်နဝါရီလ ၂၃ ရက် နံနက် ၉ နာရီချိန်တွင် မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်ရှိ KBC ကျောင်းဝင်းမှ တပ်ကုန်းရပ်ကွက်ထိ ဆရာမနှစ်ဦး၏ အခေါင်းကို လူနှင့်ထမ်း၍ သယ်ဆောင်ခဲ့ပြီး ထိုမှ နောင်နန်းကျေးရွာရှိ AD 2000 ခန်းမထိ ကားဖြင့် ဆက်လက် သယ်ဆောင်သွားခဲ့ကြသည်ဟု သိရသည်။
ကျောင်းဆရာမ နှစ်ဦးအခေါင်းကို မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာရှိ AD 2000 ခန်းမတွင် ဆုတောင်း ဝတ်ပြုပွဲ ကျင်းပ၍ KBC ကချင်နှစ်ခြင်း ခရစ်ယာန် ဘာသာဝင်များ၏ မော်ကွန်းဝင် ပုဂ္ဂိုလ်များ သင်္ဂြိုလ်သည့် ဂျော်ဘွမ်သုဿာန်တွင် သဂြိုလ်လိုက်ကြောင်း သိရသည်။
ကျောင်းဆရာမ နှစ်ဦး မတရား သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ကချင်ပြည်သူထုထုနှင့်အတူ ရှိနေကြောင်း ပြသသောအားဖြင့် တက်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဈာပန အခမ်းအနားတက်ရောက်ခဲ့သော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောသည်။
“ကျွန်တော်မြင်တာက လူအရမ်းများတယ်။ ကျွန်တော်တို့ လာတာ ဒီဆရာမလေးနှစ်ယောက် မတရားပြုကျင့်ခံ ရပြီး သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်သူလူထုနဲ့အတူ ရှိတယ်ဆိုတာကို ပေါ်လွင်စေချင်လို့ လာတာပါ။ သူတို့အားလုံးကို ကြည့်ရင် စိတ်ချမ်းသာစရာ တစက်မှမရှိဘူး။ အားလုံးက ထိခိုက်ခံစားနေရတဲ့ အခြေအနေတွေပေါ့နော်။ မကျေလည်တာတွေ ဖြစ်နေတယ် ဆိုတဲ့အခါကြတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်မြင်တာက အမှုမှန်ဖော်ထုတ်ပြီးတော့ ထိထိရောက်ရောက် အရေးယူပေးဖို့ ကျွန်တော်မြင်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ အစိုးရမှာတာဝန်ရှိတယ်”ဟု သူက မဇ္စျိမကို ပြောသည်။
ဆရာမနှစ်ဦး အသတ်ခံရမှုအတွက် အမှုမှန်ဖော်ထုတ်ရန် အစိုးရတွင် တာဝန်ရှိသည်ဟု ရန်ကုန်မြို့ရှိ မြန်မာ ဂျာနယ်လစ် ကွန်ရက်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမြအေးက ပြောဆိုခဲ့သည်။
ထိုဈာပန အခမ်းအနားသို့ ကိုမြအေး၊ ကိုပြံုးချို၊ ကိုစိုးထွန်း၊ မနီလာသိန်း၊ မစန်းစန်းမော်၊ မသင်ဇာခိုင်တို့ စသည့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့မှ အရပ်ဘက် လူ့အဖွဲ့အစည်းမှ အမျိုးသမီးအဖွဲ့မှ ကိုယ်စားလှယ် နော်စူစန်နာလှလှစိုးတို့ တက်ရောက်ခဲ့သည်ဟု သိရသည်။
သေဆုံးသူ ကျောင်းဆရာမ နှစ်ဦး၏ အလောင်းကို ရှမ်းပြည်နယ် မူဆယ်ဆေးရုံမှ ကချင်ပြည် နယ် မြစ်ကြီးနားမြို့သို့ သယ်ယူခဲ့ခြင်း ဖြစ်ပြီး လမ်းတစ်လျှောက်ရှိ ကချင်ပြည်သူလူထုက နာရေးဆုတောင်းဝတ်ပြုမှုများ ပြုလုပ်ခဲ့သည်။
ကချင်အမျိုးသမီး နှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုအပေါ် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြင့် ဇန်နဝါရီလ ၂၃ ရက် နံနက် ၉ နာရီတွင် မဟာဗန္ဓုလပန်းခြံတွင် လူထု ၃၀ ခန့် လွမ်းသူ့ပန်းခွေချခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်တောင်းမြို့နယ် ကောင်းခါးကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ရုံး ဝင်းရှိ နေအိမ်တွင် ကျောင်းဆရာမ မရန်လုရာနှင့် တန်ဘောင်ခေါန်နန်စင်တို့ အဓမ္မပြုကျင့်ခံရ၍ သေဆုံး ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဘုရားကျောင်းဝင်းနှင့် ကိုက် ၁၅၀ အကွာတွင် ခလရ (၅၀၃) တပ်စွဲထားပြီး အခင်းဖြစ်နေရာ အနီးတစ်ဝိုက် စစ်ဖိနပ်ရာများ၊ စစ်ခါးပတ်စသော အသုံးအဆောက်များ တွေ့ရှိရ သည်ဟု ဒေသခံများက ဆိုသည်း။
ဇန်နဝါရီ ၂၁ ရက်တွင် အစိုးရ၏ မူဆယ်ခရိုင်ရဲမှူး တာဝန်ယူ၍ ကောင်းခါးကျေးရွာဒေသခံ ၃၇ ဦးနှင့် တပ်မတော် စစ်သား ၁၅ ဦးခန့်တို့အား စစ်ဆေးမေးမြန်းမှု များ ပြုလုပ်ခဲ့သည်ဟု ပန်ဆိုင်း၊ ကြူကုတ် ရဲစခန်းမှူး ဇော်မင်းထွန်းက မဇ္စျိမကို ပြောသည်။
ဆရာမ နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနက ဆရာမ နှစ်ဦးသည် ထိုးသွင်းဒဏ်ရာ၊ ပြတ်ရှဒဏ်ရာနှင့် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာတို့ဖြင့် သေဆုံးနေကြောင်း တွေ့ရှိရပြီး အခင်းဖြစ်နေရာမှ သွေးစွန်းနေသည့် စတီးဓါး တစ်ချောင်းနှင့် ထင်းချောင်း တစ်ချောင်းနှင့် အခြားသေးလွန်စများ တွေ့ရှိရသဖြင့် ပြည်နယ်အစိုးရမှ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးစီးပါဝင်သည့် စုံစမ်းစစ်ရေးရေး ခုံရုံးဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု ဇန်နဝါရီလ ၂၂ ရက်က သတင်းထုတ်ပြန်ထားသည်။