တာဝန်ယူချိန်တွင် ငွေကျပ်သိန်း ၆၀၀ ခန့် နီးပါး အလွဲသုံးစား လုပ်ခဲ့သည်ဟု စွပ်စွဲခံရသူ ပဲခူးတိုင်းပြည် ခရိုင် ပြည်မြို့နယ် ပညာရေးမှူးဟောင်း ဦးဇော်မြကို ဇန်နဝါရီ ၂၆ ရက်တွင် စတင်စစ်ဆေးတော့မည်ဟု ထိုအမှုကို ကိုင်တွယ်စစ်ဆေးသူ ပြည်မြို့မရဲစခန်းမှ ဒုရဲအုပ် ဇော်မင်းက ပြောသည်။
“ပုဒ်မ-၄၀၉ နဲ့ ပြန်ကျတော့ ဖမ်းဆီးစစ်ဆေးရမှာပေါ့။ ဆရာကြီးကိုတော့ တနလာင်္နေ့လို့ ပြောထားတယ်” ဟု ၎င်းက ပြောသည်။
၂၀၁၄ ခုနှစ် ဇွန်လ အတွင်းက မူလတန်းကျောင်းသားများ ပညာသင်စရိတ် ထောက်ပံ့ငွေနှင့် ကျောင်းထောက် ပ့ံကြေးငွေ စုစုပေါင်း ကျပ် ၅၈၃ သိန်းကို ယခင်တာဝန်ခံမြို့နယ် ပညာရေးမှူး ဦးဇော်မြလက်မှတ်ဖြင့် ၎င်း ရုံးမှစာရေး (၃) ဦးဌေးနိုင်က ထုတ်ယူသုံးစွဲခဲ့သည်ဟု ဆိုကာ တာဝန်လွှဲပြောင်းယူခဲ့သူ ပညာရေးမှူး ဦးတင်ဦးက တရားလိုပြု တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ၎င်းတို့ နှစ်ဦးကို မြို့မရဲစခန်းတွင် (ပ) ရ၃၅ /၂၀၁၄ ပြစ်မှုပုဒ်မ ၄၀၉ အရ အမှု ဖွင့်ထားပြီး စာရေး(၃) ဦးဌေးနိုင်သည် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
ယင်းအမှုကို ပြည်မြို့နယ် ဥပဒေရုံးသို့ အကြံပြုချက်တောင်းခံခဲ့ရာ ဥပဒေရုံးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၄၀၉ ဖြင့် တရားဆွဲရန် အကြံပြုသဖြင့် ဇန်နဝါရီ ၂၆ ရက်တွင် စာရေး(၃) ဦးဌေးနိုင်ကို တရားခံပြေး အနေဖြင့် တင်ပြကာ ပညာရေးမှူးဦးဇော်မြကို ရုံးတင်စစ်ဆေးမည်ဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် နေပြည်တော်ပညာရေးကော် မတီက စာရေး(၃)ဦးဌေးနိုင်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ပညာရေးမှူးဦးဇော်မြကို အောင်ဆန်း အလယ် တန်းကျောင်းအုပ် အဖြစ် ရာထူးချပြစ်ဒဏ်ပေးခဲ့ပြီးဖြစ်သည်။
ယင်းအလွဲသုံးစားမှုသည် လွန်ခဲ့သည့် ဇွန်လအတွင်းကဖြစ်ပေါ်ခဲ့ပြီး နေပြည်တော်ပညာရေး စီမံခန့်ခွဲမှုကော်မ တီက စစ်ဆေးကာ အောက်တိုဘာ ၂၂ ရက်နေ့ နှင့် ၂၄ ရက်များတွင် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်တွင် ပါဝင်သူ စာရေး (၃) ဦးဌေးနိုင်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ပညာရေးမှူး ဦးဇော်မြကို အောင်ဆန်း အလယ်တန်း ကျောင်းအုပ်အဖြစ် ရာထူးချ ပြစ်ဒဏ်ပေးခဲ့သည်။
ထို့ပြင် ပဲခူးတိုင်း ပညာရေးမှူး၊ ပဲခူးတိုင်းအနောက် တိုင်းခွဲပညာရေးမှူး၊ ပြည်ခရိုင် ပညာရေးမှူးတို့ ကို ပြင်းထန်စွာ သတိပေးခြင်း ပြုလုပ်ခဲ့ပြီး ပြည်မြို့နယ် ပညာရေးမှူး ဦးတင်ဦးကို ပြည်ခရိုင် ပညာရေးမှူးရုံးတွင် ဦးစီအရာရှိအဖြစ် ရာထူးတဆင့်ချ ပြစ်ဒဏ်ပေးခဲ့ခြင်း၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးသောင်ဌေးကို ရွှေတောင်မြို့နယ် ပညာရေးမှူးရုံးသို့ မူလရာထူးအတိုင်း ပြောင်းရွှေ့စေခြင်း၊ လက်ထောက်မြို့နယ် ပညာရေးမှူး ဦးနိုင်အောင်ထွန်းကို ပေါက်ခေါင်းမြို့နယ်ပညာ ရေးမှူးရုံးသို့ မူလရာထူးအတိုင်း ပြောင်းရွှေ့စေခြင်း၊ လက်ထောက်မြို့နယ် ပညာရေးမှူး နှစ်ဦးကိုလည်း နယ်ပြောင်း ပြစ်ဒဏ်များပေးခဲ့ခြင်း၊ ပြည်မြို့နယ် ပညာရေးမှူရုံးမှ စာရေး (၂) ဦးဝင်းစိန်ကိုလည်း ပြင်းထန်စွာ သတိ ပေးခဲ့ကြောင်း အရေးယူခံရသူ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးနိုင်အောင်ထွန်းက မဇ္စျိမ သတင်းစာသို့ ပြောထားဖူးသည်။