ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လွှတ်တော်နှစ်ရပ်မှ တပ်မတော်သား ကိုယ်စားလှယ်များ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်၊ ညနေ ၄ နာရီ ဝန်းကျင်မှ ည ရ နာရီဝန်းကျင်အထိ လွှတ်တော်ဝင်း အတွင်း တွေ့ဆုံခဲ့သည်ဟု ပါဝင်တက်ရောက်ခဲ့သည့် တပ်မတော်သား ကိုယ်စားလှယ်များက အတည်ပြုပြောကြားသည်။
အမျိုးသားလွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ကျော်ဦးလွင်က "ဘာမှ ထူးထူးခြားခြားမရှိပါဘူး၊ မတွေ့တာကြာလို့ တွေ့တဲ့သဘောပါ’’ ဟု မဇ္စျိမ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြား သည်။
သို့သော် မည်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်ကိုမူ ၎င်းက ပြောကြားရန် ငြင်းဆိုခဲ့သလို လွှတ်တော်ဥက္ကဌနှင့် မတွေ့ရသည်မှာ မည်မျှကြာမြင့်သည်ကို မပြောခဲ့ပေ။
အမည်မဖော်လိုသူ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးကမူ တစ်ဦးနှင့် တစ်ဦး (လွှတ်တော်ဥက္ကဋ္ဌနှင့် တပ်မတော်သား ကိုယ်စားလှယ်များ) မတွေ့ရသည်မှာ ကြမြင့်ပြီဖြစ်သည့်အတွက် နားလည်မှု လွဲမှားခြင်းများရှိပါက ပြေပျောက်စေရန် တွေ့ဆုံခြင်းဖြစ်သည်ဟု ဆိုသည်။
၎င်းက "ဒါကလည်း အဖုအထစ်ရှိတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး၊ ရှိရင် ပြေပျောက်အောင်ပါ’’ ဟု ပြောကြားသည်။
သို့သော် အဆိုပါတွေ့ဆုံမှုအား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဆိုပြုသည်လား၊ တပ်မတော်သားကိုယ်စားလှယ်များက အဆိုပြုသည်လား ဆိုသည်ကိုမူ ပြောကြားခြင်း မရှိပေ။
သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကမူ နိုင်ငံတော်သမ္မတက လွှတ်တော်သို့ မှတ်ချက်ဖြင့် ပြန်ပို့သည့် ကိစ္စရပ်အများစုတွင် လွှတ်တော်ကသာ အများစုအနိုင်ရခြင်း၊ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအား ပြင်ဆင်သည့် ဥပဒေတွင် ခုံရုံးအား လွှတ်တော်အောက်တွင် ရှိနေသကဲ့သို့ ပြင်ဆင်ခြင်းများ အပါအဝင် အချို့ကိစ္စများတွင် လွှတ်တော်ဥက္ကဋ္ဌ နှင့် တပ်မတော်သား ကိုယ်စားလှယ်များအကြား သဘောကွဲလွဲမှုများ ရှိခဲ့သည်ဟု ဆိုသည်။