ကျောင်းဝင်းအတွင်း ဗုံးပေါက်မည်ဟု မ.ဘ.သ ဥက္ကဌ ဆရာတော် ခြိမ်းခြောက်ခံရ

ကျောင်းဝင်းအတွင်း ဗုံးပေါက်မည်ဟု မ.ဘ.သ ဥက္ကဌ ဆရာတော် ခြိမ်းခြောက်ခံရ
by -
မဇ္စျိမ

 အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ ဥက္ကဌ ဆရာတော် ဘဒ္ဒန္တတိလောကာဝံသ ကျောင်း တိုက်ရှိရာ အင်းစိန်မြို့နယ်အတွင်းရှိ အင်းစိန်ရွာမကျောင်းတိုက်တွင် ဇန်နဝါရီ ၂၃ ရက် ညပိုင်းက ဗုံးလန့်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ကျောင်းဝင်းအတွင်း ဗုံးပေါက်ကွဲမည်ဟု ဆရာတော် ဘဒ္ဒန္တတိလောကာဝံသထံ တယ်လီဖုန်းမှတစ်ဆင့် ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ပြီး အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့အပါအဝင် တပ်မတော်မှ ရှာဖွေရေးအဖွဲ့များဖြင့် ကျောင်း တိုက်တံခါးကိုပိတ်ပြီး ဝင်ရောက်ရှာဖွေခဲ့ကြသည်။

Monk

'တယ်လီဖုန်းနဲ့ ခြိမ်းခြောက်တာ။ တယ်လီဖုန်းနဲ့ ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ ခြိမ်းခြောက်တယ်။ ကျွန်တော်တို့ လုံခြံုရေးအရ လှည့်ပတ်ရှာပြီးပြီ။ တစ်ကယ်တမ်းရှာတဲ့အခါ ဘာမှလည်းမတွေ့ဘူး။ ဘာမှလည်းမရှိဘူး' အင်းစိန် မြို့နယ် ရဲစခန်းမှူး ဒုရဲမှူး မျိုးမြင့်ကြိုင်က ကျောင်းဝင်းအတွင်း ၄၅ မိနစ်ကြာ ဝင်ရောက်ရှာဖွေပြီးနောက် မီဒီယာများကို ဖြေကြားခဲ့သည်။

မည်သည့် တယ်လီဖုန်းအမျိုးအစားဖြင့် ဆက်သွယ်ခြိမ်းခြောက်သနည်းဟု မီဒီယာများ၏ မေးမြန်းမှုအပေါ်' တစ်ခြားဖုန်းနဲ့ ဆက်သွယ်ခြိမ်းခြောက်တာပါ' ဟု စခန်းမှူးက ဆိုသည်။

ယခုဖြစ်စဉ်အပေါ် ဆရာတော်၏ ဒကာတစ်ဦးဖြစ်သူ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေး အဖွဲ့ဝင် ဦးနေမျိုးကျော်က 'ဝင်လာတဲ့ဖုန်းကို ဆရာတော်ရဲ့ တပည့်(သံဃာတစ်ပါး)က ကိုင်တာပါ။ နိုင်ငံခြားဖုန်းနဲ့ ဖုန်းဆက်ပြီး ကျောင်းထဲမှာ ဗုံးငါးလုံးရှိတယ်။ နောက်ထပ် ဆယ့်ငါးမိနစ်နေရင် ပေါက်မယ်ပြောပြီး ဖုန်းချသွားတယ်ပေါ့။ နောက်တစ်ခါ ပြည်တွင်းဖုန်းနဲ့ပဲ အဲ့လို ထပ်ပြောတယ်။ အဲ့ဒါနဲ့ သက်ဆိုင်ရာကို အကြောင်းကြားပြီး အခုလို ရှာဖွေရေးလုပ်တာ' ဟု မဇ္စျိမကို ပြောသည်။

ထို့သို ခြိမ်းခြောက်လာသည့် ဖုန်းနံပါတ်များအား ပြန်လည်ဆက်သွယ််ခဲ့သော်လည်း ဆက်သွယ်၍ မရတော့ဟု ဦးနေမျိုးကျော်က ပြောသည်။

ကျောင်းတိုက်ဝင်ပေါက်တွင် ကွမ်းယာဆိုင်ဖွင့်ထားသည့် အသက်ငါးဆယ်ကျော်အရွယ် အမည်မဖော်လိုသူ တစ်ဦးက 'စစဆုံး ကျောင်းထဲကို ရဲကားတစ်စီး ဝင်သွားတယ်ဗျ။ နောက် နာရီဝက်လောက်ကြာတော့ ကားနှစ်စီးထပ်ဝင်တယ်။ အဲ့ဒီကားကလူတွေကတော့ အရပ်ဝတ်နဲ့ပဲ။ ကားမှာ ခွေးလည်း ပါတယ်။ နောက်တော့မှ ဗုံးကိစ္စဆိုပြီး သိရတာ' ဟု ၎င်းမြင်တွေ့ရသည့် အခြေအနေကို ရှင်းပြသည်။

ယခုကဲ့သို့ ဗုံးပေါက်မည်ဟု တယ်လီဖုန်းဖြင့် ခြိမ်းခြောက်ခံရသည့် အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေး အဖွဲ့ ဥက္ကဌ ဆရာတော် ဘဒ္ဒန္တတိလောကာဝံသသည် မျိုးစောင့်ဥပဒေဟု လူသိများသည့် ဥပဒေကြမ်းများကို ပြဌာန်းပေးရန် ပြီးခဲ့သည့်နှစ်က သမ္မတထံ လက်မှတ်ထိုး တောင်းဆိုထားဖူးသည်။