ကိုးရီးယားကုမ္ပဏီတစ်ခုမှ စစ်တွေမြို့ပြ ဖွံ့ဖြိုးရေးကို လုပ်ဆောင်ရန် ကမ်းလှမ်း

ကိုးရီးယားကုမ္ပဏီတစ်ခုမှ စစ်တွေမြို့ပြ ဖွံ့ဖြိုးရေးကို လုပ်ဆောင်ရန် ကမ်းလှမ်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်ရန် ကိုးရီးယား ကုမ္ပဏီတစ်ခုက ကမ်းလှမ်းထားကြောင်း သတင်း ရရှိသည်။

စစ်တွေမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်တွေဆိပ်ကမ်း သာယာလှပရေးကို စီမံကိန်းချ လုပ်ကိုင်ရန် ကိုးရီးယားနိုင်ငံမှ ကုမ္ပဏီ တစ်ခုဖြစ်သော BXT Construction & Development ကုမ္ပဏီက ပြည်နယ် အစိုးရအဖွဲ့မှ တဆင့် ယခုလ အစောပိုင်းက ကမ်းလှမ်းလာခြင်းဖြစ်သည်။

 IMG 0751

စီမံကိန်း၏ အဓိကလုပ်ငန်းများမှာ ကုလားတန်မြစ်ကြောင်းတစ်လျှောက်ရှိ စစ်တွေမြို့ မြို့မစျေးအနီး ကမ်းခြေအား မြေဖို့ကာ မြို့ပြမြေယာဖော်ထုတ်မည်ဖြစ်ပြီး ယင်းနေရာများတွင် လူနေအိမ်ခန်းများ၊ စူပါမားကတ်များ၊ ဟိုတယ်များ၊ အပန်းဖြေကလေးကစားကွင်း၊ စျေးဆိုင်စသည်များကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

၎င်းကိုးရီးယားကုမ္ပဏီသည်  လုပ်ငန်းများစတင်နိုင်ရန် မြို့လူထုနှင့် ယခုလ ရ ရက်နေ့က စစ်တွေမြို့တွင်တွေ့ဆုံပြီး သဘောထားများကို မေးမြန်းတောင်းခံသွားသည်ဟု သိရသည်။ ယင်းတွေ့ဆုံပွဲသိ်ု့ ရခိုင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

ယင်းသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မြို့ခံများ၏ ဆန္ဒ သဘောထားကို တောင်းခံခဲ့သည်ဟု  မြို့ခံ တစ်ဦးက ပြောသည်။

“လက်ရှိလုပ်ကိုင်နေတဲ့ စစ်တွေပင်လယ်ကူး ဆိပ်ကမ်းကိုလုပ်ကိုင်နေတဲ့ ပုံစံမျိုးဆိုရင်တော့ ကျွန်တော့်ရဲ့ ပုဂ္ဂလိက အမြင်ကတော့ လက်မခံနိုင်စရာမရှိဘူး။ ဒါပေမယ့် ဒေသတွင်းကအဆီအနှစ်တွေကို သူတို့တွေကယူသွားပြီးတော့ ဒေသအတွက် အရိုးအရင်းလေးပဲ ပေးမယ်ဆိုရင်တော့ ကန့်ကွက်ရလိမ့်မယ်”ဟု မြို့ခံတစ်ဦးက ဆက်ပြောသည်။

မြို့မိမြို့ဖ တစ်ဦးကလည်း အခြေအနေကို စောင့်ကြည့်ရန် လိုအပ်ကြောင်း ပြောဆိုသည်။

“ရလာတဲဲ့အကျိုးအမြတ် ပြည်နယ်အစိုးရကိုလွှဲပေးမယ်လို့ အဲဒီကုမ္ပဏီရဲ့အရာရှိပြောတာ ကို ပြည်နယ်ဝန်ကြီး ချုပ်က ကျွန်တော်တို့ကို ပြန်ပြောတယ်။ ဒါပေမယ့် အဲဒီအကျိုးအမြတ်ကို ဒေသဖွံ့ဖြိုးရေးအတွက် ဘယ်လိုအသုံးချမှာလဲဆိုတာကို ပြည်နယ်အစိုးရက ဘာမှမပြောသေးဘူး။ ဒါကြောင့် ကျွန်တော်တို့မြို့လူထုအနေနဲ့လည်း အခြေအနေကို စောင့်ကြည့် နေသေးတယ်”ဟု ဆိုသည်။

စစ်တွေဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကိုးရီးယားကုမ္ပဏီအပြင် ပြည်တွင်း ကုမ္ပဏီ တစ်ခုဖြစ်သော ဆုထူးစံကုမ္ပဏီကလည်းပူးပေါင်းလုပ်ဆောင်သွားမည်ဟု ပြည်နယ်အစိုးရက ထုတ်ဖော်ပြောဆိုသည်။

ယခုအခါ ကုလားတန် မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းတွင် ပါ၀င်သော စစ်တွေဆိပ်ကမ်းကို အိန္ဒိယနိုင်ငံမှ  တည်ဆောက်နေပြီး  များမကြာမီ စီမံကိန်းပြီးစီးတော့မည် ဖြစ်ကာ စီမံကိန်းပြီးစီးပါက မြန်မာ အစိုးရကို လွှဲပြောင်းပေးအပ် လုပ်ကိုင်စေမည်ဖြစ်သည်ဟု သိရသည်။

Most read this week