လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်မည့် တရားစီရင်ရေး ကြီးကြပ်ကော်မတီဖွဲ့ရန် အဆို ၎င်းတို့ ကိုယ်တိုင်ပယ်ချ

လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်မည့် တရားစီရင်ရေး ကြီးကြပ်ကော်မတီဖွဲ့ရန် အဆို ၎င်းတို့ ကိုယ်တိုင်ပယ်ချ
by -
မဇ္စျိမ

လွှတ်တော် ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များ ပါဝင်ဖွဲ့စည်းသည့် တရားစီရင်ရေး ကြီးကြပ်သည့် ကော်မတီ သို့မဟုတ် ကော်မရှင် တစ်ရပ်ဖွဲ့စည်းရန် လိုအပ်ပါကြောင်းအဆိုကို ပြည်သူ့ လွှတ်တော်တွင် တင်သွင်းခဲ့သော်လည်း ကိုယ်စားလှယ်များ ကိုယ်တိုင်ပယ်ချခဲ့သည်။

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် စမ်းချောင်းမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း တင်သွင်းသည့် အဆိုကို စက်ခလုပ်နှိပ် မဲခွဲရာတွင် အများစုက ကန့်ကွက်ခဲ့သည့်အတွက် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

အဆိုရှင် ဦးစိုးဝင်းက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၈ တွင် ပြည်ထောင်စုတရားသူကြီးချုပ် သည် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဖြစ်စေ၊ ပြည်သူ့ လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဖြစ်စေနိုင်ငံတော် သို့မဟုတ် အများပြည်သူတို့နှင့် သက်ဆိုင်သည့် အရေးကြီးသော တရားစီရင်ရေး ဆိုင်ရာအခြေအနေကို အခါအားလျော်စွာ တင်ပြနိုင်သည်ဟု ဆိုသည်။

ထို့ပြင် ပြည်ထောင်စု လွှတ်တော် တရားသူကြီးချုပ်၏ ဆုံးဖြတ်ချက်အားလုံးကို လွှတ်တော်သို့ တင်ပြ၍ ဥပဒေနှင့် အညီဆုံးဖြတ်ခြင်းရှိ၊မရှိ ဥပဒေ အရ ပေးအပ်သော တာဝန်ကို ဆောင်ရွက်ခြင်း ရှိ၊ မရှိစိစစ်နိုင်ရန်နှင့် ပြည်သူတို့၏ နစ်နာမှုများကို သက်ဆိုင်ရာ သမ္မတ အပါအဝင် အဖွဲ့အစည်းများက မစိစစ်မီသိရှိစေရန် အဆိုကိုတင်သွင်းခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တရားလွှတ်တော် ချုပ်တရားသူကြီး ဦးစိုးညွန့်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁၉(က)တွင် ဥပဒေနှင့် အညီလွတ်လပ်စွာ တရားစီရင်ရေး ဟူ၍ ပြဋ္ဌာန်းထားခြင်း ကြောင့် ယင်းကဲ့သို့ တရားရုံများ စောင့်ကြည့်ရေး ဖွဲ့ခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မညီဟု ပြန်လည်ချေပခဲ့ သည်။

၎င်းက ''မဏ္ဍိုင်တစ်ရပ်က အခြားမဏ္ဍိုင်တစ်ရပ်အပေါ်မှာ ကြီးကြပ်ရေး အဖွဲ့ ဖွဲ့ပြီး ကွပ်ကဲခွင့် ရှိတယ်ဆိုရင် တရားစီရင်ရေး မဏ္ဍိုင်ကလည်း အခြားမဏ္ဍိုင် တစ်ရပ်အပေါ်မှာ ကြီးကြပ်ကွပ်ကဲနိုင်တဲ့ ကော်မတီ သို့မဟုတ် ကော်မရှင်ဖွဲ့ စည်းနိုင်သည့် သဘောသက်ရောက်နေပါတယ်'' ဟု ဆိုသည်။

ထို့ပြင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် လက်အောက် တရားရုံးများကို ကြီးကြပ်ခြင်း ဆောင်ရွက် သည့်အခါ နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်နေသည့် အတွက် လွှတ်တော် ကိုယ်စားလှယ်များ၊ ပဒေပညာရှင်းများ ပါဝင်သည့် တရားရုံးများ ကြီးကြပ်ကွပ်ကဲရေး ကော်မတီ မလိုအပ်ကြောင်း ဆက်လက်ပြောကြားသည်။

ထို့နောက် အဆိုကို မဲခွဲရာတွင် ဦးစိုးဝင်း၏ အဆိုအား မဲပေးပိုင်ခွင့်ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၈၂ ဦး အနက် ၃၅၃ ဦးက မဲပေးရာတွင် ထောက်ခံမဲ ၆ဝ၊ကန့်ကွက်မ ဲ၂၅၈ မဲ၊ ကြားနေ ၃၅ မဲဖြင့် ရှုံးနိမ့်ခဲ့သည်။