အခြေခံ ဥပဒေကို ကိုယ်ကျိုးစီးပွားကာကွယ်လိုသူ တစ်စုက ဖက်တွယ်ထားဟု အာဏာရပါတီအမတ် ပြောကြား

အခြေခံ ဥပဒေကို ကိုယ်ကျိုးစီးပွားကာကွယ်လိုသူ တစ်စုက ဖက်တွယ်ထားဟု အာဏာရပါတီအမတ် ပြောကြား
by -
မဇ္စျိမ

စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲခဲ့သော၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကိုယ်ကျိုး စီးပွားကာကွယ်လိုသူ တစ်စုက ပြင်ဆင်လိုခြင်းမရှိဟု အာဏာရ ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် အမတ် သူရဦးအောင်ကိုက မီဒီယာများကတစ်ဆင့် ပြောဆိုလိုက်သည်။

ဒီမိုကရေစီ စံညွှန်းနှင့် မကိုက်ညီသော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရာနှုန်းပြည့်နီးပါး ပြင်မရအောင် ရေး ဆွဲထားသည်ဟု သူရဦးအောင်ကိုက ဝေဖန်လိုက်ပြီး ''ပြည်သူအားလုံးလိုလိုက ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်လိုကြတယ်။ နိုင်ငံတကာ သဘောထားကလည်း အတူတူပဲ။ သို့သော် ကိုယ်ကျိုးစီးပွား ကာကွယ်လိုသူတစ်စုက မပြင်လိုကြဘူး'' ဟုလည်း ၎င်းက ပြောသည်။

ဥပဒေပြုရေးတွင် အခရာကျသည့် ပြည်ထောင်စု လွှတ်တော်ကလည်း၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင် ဆင်သည့် ဥပဒေကြမ်းကိုလာမည့် မေလတွင် လူထုဆန္ဒခံယူပွဲ ကျင်းပပြီးနောက ်နိုဝင်ဘာသို့မဟုတ် ဒီဇင်ဘာလအတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲပြီးမှသာ အတည်ပြုပြဋ္ဌာန်းသွားမည်ဟု သူရဦးရွှေမန်းက ပြောဆိုထားသည်။

လက်ရှိ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်နိုင်ခြင်း မရှိပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကိုလည်း သူရဦးအောင်ကိုက သုံးသပ်ပြောဆိုခဲ့သည်။

''အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်သည့် တိုင်ထာဝရ ငြိမ်းချမ်းရေးရဖို့ အတွက် တော့အခက်အခဲများစွာ ကြံုတွေ့ရဦးမှာ ဖြစ်တယ်။စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စု တည် ထောင်ရေးလုပ်ငန်းစဉ်ကြီးကလည်း ရွှေပြည်တော်မျှော်တိုင်းဝေး ဖြစ်သွားမယ်''ဟု ၎င်းက ဆိုသည်။

သို့သော်အများစုက ပြင်ဆင်ရမည်ဟု ယုံကြည်ထားသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေပါပုဒ်မ ၄၃၆၊ ပုဒ်မ (ဃ)၊ (စ)တို့ကိုမပြင်ဆင်ရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တိုက်ရိုက်ခန့်အပ်ထားသောတပ်မတော်သား (ပြည်ထောင်စု လွှတ်တော်တွင်၂၅ ရာခိုင်နှုန်း နေရာယူထားသည့်) အမတ်တို့က သဘောထားမှတ်ချက်ပေး ထားသည်။

ပြုပြင်ပြောင်းလဲရေးလုပ်ရန် တစာစာ ကြွေးကြော်နေဆဲဖြစ်သည့် ဦးသိန်းစိန်ဦးဆောင်သည့် လက်ရှိအစိုးရသက်တမ်းအတွင်း'' အခြေခံဥပဒေကို ပြည်သူ လိုလားချက်နဲ့ အညီကျယ်ကျယ်ပြန့်ပြန့် မပြင်ကြဘူးဆိုရင် ပြည်သူတွေ ထင်မှတ်နေတဲ့ ချမ်းသာသုခလေးက တံလျှပ်ပမာ ပျောက်ကွယ်သွား မှာဖြစ်တယ်'' ဟု သူရဦးအောင်ကိုက ဝေဖန်သည်။

လက်ရှိပြဋ္ဌာန်းထားသည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ (က) တွင် အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော်အမတ်အားလုံး၏ ရ၅ ရာခိုင်နှုန်းကျော်က သဘောတူရမည် ဖြစ်သည်။ ယင်းသို့ သဘောတူပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု တင်းတင်းကျပ်ကျပ် ပြဋ္ဌာန်းထားသည်။