ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲအတွက် ကိုယ်စားလှယ်များထံ ဦးခင်အောင်မြင့် အကြံပြုစာတောင်း

ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲအတွက် ကိုယ်စားလှယ်များထံ ဦးခင်အောင်မြင့် အကြံပြုစာတောင်း
by -
မဇ္စျိမ

 အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲတွင် ဆွေးနွေးရန် လွှတ်တော် ကိုယ်စားလှယ်များ၏ အကြံပြုစာများ တောင်းဆိုလိုက်သည့်အတွက် မကြာမီအချိန်အတွင်း ခြောက်ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ် ရန် သေချာသလောက် ရှိနေပြီဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် သဘောထားနှင့် တွေ့ဆုံပွဲအား ဆောင်ရွက်လို သည့် အချက်များကို အလျင်အမြန် ပြန်ကြားပေးစေလိုကြောင်း သဝဏ်လွှာကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ထံ ပေးပို့ထား သည်ဟု ဦးခင်အောင်မြင့်က ပြောသည်။

Politics-Party-in-President-House-Meets

“မိမိအနေဖြင့် တွေ့ဆုံဆွေးနွေးပွဲအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ တက်ရောက်မှာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် တွေ့ဆုံဆွေးနွေးပွဲတွင် အကြံပြုလိုသော အကြောင်းအရာများကို မိမိထံသို့ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက် အရောက် စာဖြင့် ရေးသားပေးပို့ရန် ဖိတ်ခေါ်အပ်ပါတယ်”ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ကိုယ်စားလှယ်များကို ပြောကြားသည်။

ခေတ်စနစ်အချိန်အခါ အခြေအနေနဲ့ ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အတွက် မထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက်က နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ တိုင်းရင်းသား အစုအဖွဲ့အများမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ စောလျှင်စွာ တွေ့ဆုံညှိနှိုင်းရေး အတွက် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းကြောင်း အရေးကြီးအဆိုကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။

သို့သော် သမ္မတကမူ ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးသည် ကောင်းမွန်သော်လည်း အင်အားစုများအားလုံး လက်ခံသော တွေ့ဆုံရေးကို ပြုလုပ်စေလိုသည်ဟု ဇန်နဝါရီ ၁၇ရက် ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ထားသည်။

“ဒါကတွေ့နေမယ်လို့ ပြောတာထက် သေချာသလောက်ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့လူထုရဲ့ လိုလားချက်တွေမှာလည်း ပြန်ကြည့်ပေါ့။ နောက် နိုင်ငံရေးအင်အားစု ပါတီတွေရဲ့ လိုလားချက်တွေမှာလည်း တိတိကျကျသာ မဖော်ပြတာ။ အသံနားထောင်လိုက်ရင် တွေ့စေချင်တယ်။ သမ္မတကြီးကလည်း သဘောကောင်းပါတယ်။
 သဘောကောင်းလို့ တွေ့တာပေါ့။ တွေ့ဖို့အချက်အလက်တွေ ပြုစုနေတယ်ဆိုတော့ သေချာသလောက် ဖြစ်သွားပြီပေါ့” ဟု အရေးကြီးအဆို တင်သွင်းခဲ့သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက ပြောသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ အကြံုပြုချက်များကို သုံးရက်အတွင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ထံ စာဖြင့် ရေးသားပေး ပို့ရမည် ဖြစ်သည်။ ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲကို မည်သည့်အချိန်တွင် တွေ့ဆုံဆွေးနွေးမည်ကို ပြောဆိုခဲ့ခြင်း မရှိသော်လည်း အကြံပြုစာတောင်းဆိုသည့် အချိန်မှာ နည်းလွန်းသည့်အတွက် လျင်မြန်စွာ တွေ့ဆုံနိုင်သည်ဟု လွှတ်တော် ကိုယ်စားလှယ် များက ပြောသည်။

“အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေတင်ပြပါ။ ဒါတွေကိုလည်း ဆွေးနွေးပေးမယ် ဆိုတော့ ဒီမှာ ဘာအဖြေက ထွက်သွားပြီလဲဆိုတော့ အမျိုးသားလွှတ်တော် ဥက္ကဌကြီး အနေနဲ့ကတော့ တွေ့ဆုံဆွေးနွေးပွဲဲကို လက်ခဲ့တယ်။ ဘယ်အချိန် ကျင်းပမလဲတော့ မသိဘူး။ တက်လည်းတက်ရောက်မယ်”ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏ်စိုးက ပြောသည်။

နိုင်ငံတော်သမ္မတက ခြောက်ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရန် တိုက်တွန်းသော ကိစ္စမှာ ကောင်းမွန်သော လုပ်ငန်းတစ်ရပ်ဖြစ်ပြီး တိုင်းရင်းသား ပြည်သူအားလုံး၊ အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများက လက်ခံသော ကိုယ်စားပြုမှုဖြစ်စေရေး၊ လိုလားတောင်း တချက်များ ပါရှိစေရေးကို စီမံဆောင်ရွက်နိုင်ပါက ပိုမိုပြည့်စုံကောင်းမွန်မည်ဟု အကြံပြုလိုသည်ဟု ဆိုသည်။ သို့ဖြစ်ပါ၍ အဆိုပါတွေ့ဆုံဆွေးနွေးပွဲအား မည်သို့ ဆောင်ရွက်ပေးစေလိုသည်ကို ပြန်ကြားပေးရန်အတွက် ပြည်ထောင်စု လွှတ်တော်ကို ဇန်နဝါရီ ၁၉ ရက်တွင် ပေးပို့ထားသည်။