ကချင်တိုင်းရင်းသူ ဆရာမ ၂ ဦး မုဒိန်းကျင့် သတ်ဖြတ်ခံရ

ကချင်တိုင်းရင်းသူ ဆရာမ ၂ ဦး မုဒိန်းကျင့် သတ်ဖြတ်ခံရ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်တွင် ကချင် တိုင်းရင်းသူ ဆရာမ ၂ ဦး မုဒိန်းကျင့် သတ်ဖြတ်ခံ ရသည့် ဖြစ်ရပ်တခု ဇန်နဝါရီ ၁၉ရက်နေ့က ဖြစ်ပွားခဲ့သည်။

မူဆယ်မြို့နယ် နမ့်တောင်းနှင့် မိုင်းပေါ့ကြားရှိ ကောင်းခါးရွာ၌ တာဝန်ကျသည့် အသက် ၂၁ နှစ်ရှိ ဆရာမ Hkawn Nan Tsin နှင့် အသက် ၂၀ နှစ်ရှိ Maran Lu Ra တို့ ဂျန္နဝါရီလ ၁၉ ရက် ညသန်းခေါင်ယံ၌ မုဒိန်းကျင့် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

၁၉ ရက် ညသန်းခေါင်ယံအချိန်တွင်  ဆရာမတို့ တည်းခိုသည့်အိမ်မှ ဆူညံသံ  ကြားရသဖြင့် ရွာသားတချို့ သွားရောက်ကြည့်ရှုရန်ထွက်လာကြောင်း၊ သို့သော် အဆိုပါအိမ်မရောက်မှီ ဆူညံသံများ ပြန် တိတ်သွားသဖြင့် လင်မယားချင်း စကားများကြသည်အထင်ဖြင့် ရွာသားများ ကိုယ်စီလှည့်ပြန် သွားကြောင်း ကောင်းခါးရွာသား အိုက်နော် ကပြောသည် ။

“ဆရာမတို့နေတဲ့အိမ် ပတ်ဝန်းကျင်မှာ ရန်ဖြစ်သံတွေ မကြာခဏ ကြားရတော့ ရန်ဖြစ်တဲ့အသံလို့ ဘဲထင်ကြတယ်လေ။ မနက်ရောက်တော့ ဆရာမတွေကို မတွေ့လို့  တပည့်တွေက သွားခေါ်တယ်။ ဘာသံမှ မကြားရလို့ အိမ်ထဲဝင်ကြည့်တော့ မုဒိန်းကျင့်ခံရပြီး သေဆုံးနေတာ တွေ့ရတယ်။” ဟု ပြောသည်။

ပညာသင်ကြားရန်အခွင့်အလမ်းမရှိသည့် ကလေးများအား ဘုရားကျောင်း၌ စေတနာဖြင့် ပညာသင်ကြားပေးရန် ဆရာမ ၂ ဦးအား ကချင်နှစ်ခြင်းခရိယာန်အဖွဲ့ချုပ် KBC မှ ကောင်းခါး ကျေးရွာသို့ ပို့ဆောင်ခြင်းဖြစ် သည်ဟု သိရသည်။

“မုဒိန်းကျင့်တဲ့အပြင် ရက်ရက်စက်စက်ကို သတ်လိုက်တာ။ မမြင်ရက်စရာဘဲ။ နှလုံးနဲ့ကပ်ပြီး ဓားနဲ့ထိုးတယ်။ လက်ချောင်းတွေလည်း ဖြတ်သွားတယ်။ ခေါင်းတွေမှာလည်း ဒဏ်ရာတွေ။ သမီးချင်း နှမချင်း မစာနာ။” ဟု ကောင်းခါးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အသက် ၂၁ နှစ်ရှိ ဆရာမ Hkawn Nan Tsin မှာ ကချင်ပြည် မြစ်ကြီးနားမှ လာရောက် တာဝန် ထမ်းဆောင်နေသည်မှာ ၂ နှစ်ကျော်ပြီဖြစ်ကြောင်း၊ ဆရာမ Maran Lu Ra မှာ ဝိုင်းမော်မှ ဖြစ်ပြီး ကောင်းခါး၌ တာဝန်ကျသည်မှာ ၂ လကျော်သာ ရှိသေးကြောင်း ဆို၏။

မုဒိန်းကျင့်သတ်ဖြတ်မှုနှင့် ပတ်သက်၍ ဒေသခံများက မြန်မာစစ်တပ် ခမရ ၅၀၃ မှ တပ်သားများ ဖြစ်သည်ဟု ပြောဆိုနေကြသည်။

အဆိုပါဒေသ၌ မြန်မာအစိုးရစစ်တပ် ခမရ ၅၀၃ အပြင် မိုင်းပေါ့ပြည်သူ့စစ်နှင့် ကချင်တပ် KIA တို့ လှုပ်ရှားလျှက်ရှိသည်။