သျှမ်းပြည်နယ် တောင်ပိုင်း လင်းေး ခရိုင် လင်းခေးမြို့နယ်တွင် ရှေ့တန်းထွက် တပ်မတော် အရာရှိတစ်ဦးက ခရိုင် အထွေထွေ အုပ်ချုပ်ရေး အရာရှိအား သေနတ်ဖြင့် ပစ်ခတ်သည့် ဖြစ်ရပ်တခု ဖြစ်ပွါးခဲ့သည်။
ဂျန္နဝါရီလ ၁၉ ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွါးခဲ့သည်ဟု လင်းခေးဒေသခံများ ပြောပြချက်အရ သိရသည်။
“ခရိုင်ထွေအုပ်ရုံးက ဒု-ဦးစီး ဦးဘိုဘိုရွှေတဲ့ အပစ်ခံရတာက။ သူ့ကိုလင်းခေးမှာ မောင်ဘို လို့ခေါ်တယ်။ လင်းခေးပြောင်း လာတာ ၃ နှစ်လောက်ဘဲရှိဦးမယ်။ လာပစ်တာက ခမရ ၅၁၄ ကစစ်သား။ လင်းခေးဘက်စစ်ကြောင်းလှည့်လာတာဆို ဘဲ။ သူတို့ ၂ ယောက်က မိုင်းကိုင်ကနေ လင်းခေးကို ပြောင်းလာတဲ့ ကောင်မလေးနဲ့ပတ်သက်ပြီး ပြဿနာရှိနေတာ တဲ့။ မောင်ဘိုကို တောင်ကြီး ပို့ထားတယ် ဆေးကုဖို့။ ပါးနားမှာ ရှပ်သွားတာလေ။ ပစ်ခတ်တဲ့ စစ်တပ်အရာရှိကိုတော့ တချို့ကလည်း ဖမ်းမိပြီလို့ ပြောကြတယ်။ ဒါပေမယ့် အတိအကျတော့ မသိရသေးဘူး” ဟု စျေးပိုင်းရပ်နေ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်အား ပြောသည်။
အဆိုပါပစ်ခတ်မှုဖြစ်စဉ်မှာ မြန်ဆန်သဖြင့် လင်းခေးမြို့ခံတချို့ ညနေပိုင်းမှပင် သိရကြောင်း၊ သို့သော် လုံခြုံရေး အထူး ချထားခြင်း မရှိကြောင်းလည်း မြို့လယ်ကျောင်းအနီးနေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။
“အခြေအနေက စိုးရိမ်ကြောက်လန့်ရတဲ့ အခြေအနေမဟုတ်တော့ ဒေသခံတွေအနေနဲ့ အေးဆေးသွား လာလှုပ်ရှားနေ တာပါဘဲ။ လုံခြုံရေးအထူးချထားတာတွေလည်း မရှိပါဘူး။ မနေ့ညနေပိုင်းလောက်ဘဲ အဲဒီရုံးနားမှာ ပြည်သူ့စစ်နဲ့ ရဲတချို့လောက်ဘဲရှိတယ်။ ဒီနေ့လည်း အေးဆေးဘဲ။ ခရိုင်ထွေအုပ်ရုံးဆိုတော့ အဲဒီမှာ တခြားကလာတဲ့ ၀န်ထမ်းတွေ များတယ်။ ဒေသခံ (၀န်ထမ်း) ဆိုတာ မရှိသလောက်နည်းပါတယ်” ဟု အသက် ၄၀ ကျော် အဆိုပါအမျိုးသားက ပြောသည်။
၂၀၁၄ နှစ်ကုန်ပိုင်းကလည်း ခရိုင်သစ်တောဝန်ထမ်းများ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကာ ၄ ဦး သေဆုံးခဲ့သည်။ ယနေ့တိုင် ပစ်ခတ်မှုလက်သည် မဖမ်းမိသေးကြောင်း ၀န်ထမ်းများ အသိုင်းအဝိုင်းက ပြောဆိုသည်။
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့သည် ခရိုင်အဆင့်သို့ ပြောင်းလိုက်သည့်နောက်ပိုင်း ရုံးဝန်ထမ်းများမှာ နယ်နှင့် တခြားဒေသမှ ပြောင်းရွှေ့လာကြသူများ ဖြစ်ကြသည်။