လူငယ် အရည်အချင်း မြှင့်တင်ရေး သင်တန်း သီပေါတွင် ဖွင့်လှစ်

လူငယ် အရည်အချင်း မြှင့်တင်ရေး သင်တန်း သီပေါတွင် ဖွင့်လှစ်
by -
သျှမ်းသံတော်ဆင့်

ဒေသတွင်း လူငယ်များ အရည်အချင်း မြှင့်တင် ပေးရန် ရည်ရွယ်၍  သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါ မြို့နယ်တွင် လူငယ်များအတွက် အင်္ဂလိပ်စာအပါအဝင် တခြား ဘာသာရပ်များကို သင်တန်း ဖွင့်လှစ်ရာ တက်ရောက်သူ များပြား ကြောင်း သိရသည်။

“ကျနော်တို့ ဒေသတွင်းက စေတနာရှင်တွေဦးဆောင်မှုသျှမ်းလူငယ်များကွန်ယက် Tai Youth Network က ကူညီပံ့ပိုးမှုနဲ့ သင်တန်းဖွင့်တာဖြစ်တယ်။ အခုသင်တန်းကို ဒုတိယအသုတ် ဖွင့်နေတာပါ။ သင်တန်းသား ၃၀၀ လောက်ရှိပါတယ်။ အင်္ဂလိပ်စာအဓိက သင်ကြားပေးပါတယ်။” ဟု ဆက်သွယ်ရေးတာဝန်ခံ စိုင်းဆိုင်စိန်မြတ်က ပြောသည်။

Sipaw training

အဆိုပါသင်တန်းတွင် အင်္ဂလိပ်စာ၊ သျှမ်းစာ၊ သမိုင်း နှင့်အထွေထွေဗဟုသုတများကို ပို့ချပေး ကြောင်း သင်တန်းကာလမှာ ၄၅ ရက်ကြာမြင့်မည် ဖြစ်ကြောင်း ဆိုသည်။

“သင်တန်းတစ်သုတ်အတွက် သင်တန်းသားတွေဆီက ကျပ် ၅ သောင်းကောက်ပါတယ်။ နေ စရာ ပေးတယ်။ ထမင်းဟင်းကျွေးတယ်။ ကျောင်းသုံးပစ္စည်းတွေပေးတယ်။ ကျန်းမာရေး အတွက် တာဝန်ယူပေးတယ်။” ဟု စိုင်းဆိုင်စိန်မြတ်က ဆက်လက်ပြောပြသည်။

သီပေါမြို့နယ် အနောက်ဘက်ရှိ နမ့်ဟူးနွဲ့ ရေတံခွန်အသွားလမ်းတွင် ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး၊ ပထမအကြိမ်သင်တန်းမှ သင်တန်းဆင်းသူများမှတချို့မှာဒေသတွင်းလာရောက်လည်ပတ်သော နိုင်ငံခြားသားဧည့်သည်များအား ဧည့်လမ်းညွှန်လုပ်ပေးနေသည်ကို တွေ့ရသဖြင့် ကျေနပ်အားရ မိကြောင်း ဒေသခံများကပြောသည်။

“အင်္ဂလိပ်ဘာသာကိုအဓိကထားသင်ကြားပေးတယ်ဆိုတော့ ဧည့်သည်တွေစိတ်ဝင်စားလို့ ဝင်လာကြည့် လာလည်ကြတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေ ဗဟုသုတတွေလာပြီး မျှဝေပေး တယ်။ အမေရိကန်၊ ဂျာမနီ၊ ဩစတေးလျကလာကြတယ်ပြောတယ် ” ဟု သင်တန်းသားတစ်ဦး ကပြောသည်။

သင်တန်းပထမသုတ်ကို ပြီးခဲ့သည့် ၂၀၁၄ ခု ဂျွန်လ ၂၄ ရက်မှ စက်တင်ဘာလ ၉ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ယခုဖွင့်လှစ်ဆဲ ဒုတိယအသုတ်မှာ ၂၀၁၄ ဒီဇင်ဘာလမှ ၂၀၁၅ ဖေဖော်ဝါရီလ အထိ ဖြစ်ပါသည်။ လာမည့်အသုတ်ကိုလာမည့် ဂျွန်လတွင်ဖွင့်လှစ်ရန်စီစဉ်ထား ကြောင်းလည်း သိရသည်။

Most read this week